ဒီ Webnovel က တရုတ် Xuanhuan တွေ ကြိုက်နှစ်သက်သူတိုင်း မဖတ်ဖူးသေးရင်တောင် လူတိုင်းပါးစပ်ဖျားမှာ ရေးပန်းစားနေတဲ့ Masterpiece တစ်ခုဖြစ်ပါတယ်။ Donghua(တရုတ် anime/animated series) အဖြစ်လဲ ထွက်ရှိထားပြီး အောင်မြင်မှုတွေ သိမ်းပိုက်ထားတဲ့ novelလဲဖြစ်ပါတယ်။ Donghua ကြည့်ဖူးပြီးရင်တောင် novelထဲက အကြောင်းအရာတော်တော်များများချန်ခဲ့တာမို့လို့ novelကို ဖတ်ရှုကြည့်ဖို့ အကြံပေးပါရစေ။
သေနတ်တွေ၊ ရေနွေးငွေ့သုံး စက်ယန္တရား(Steampunk) တွေနဲ့ ပြည့်နှက်နေတဲ့ ဗစ်တိုးရီးယားခေတ်လို ကမ္ဘာကြီးတစ်ခုမှာ... ကိုယ့်ကိုယ်ကိုယ် သတ်သေထားတဲ့ လူသေလောင်းတစ်ခုထဲကို သင် ရုတ်တရက် နိုးထလာခဲ့ရင် ဘာဆက်လုပ်မလဲ?
ဒါဟာ Lord of the Mysteries ရဲ့ အဓိကဇာတ်ကောင် ကျိုးမင်ရွှီ (Zhou Mingrui) ရဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းအစပါပဲ။ သူဟာ ကလိုင်း မိုရက်တီ (Klein Moretti) ဆိုတဲ့ လူငယ်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ ပြန်လည်နိုးထလာချိန်မှာတော့ ဒီကမ္ဘာကြီးဟာ အပြင်ပန်းကြည့်ရင် ခေတ်မီတိုးတက်နေပေမယ့်၊ ကွယ်ဝှက်ထားတဲ့ မှောင်မိုက်တဲ့ နေရာတွေမှာတော့ မှော်ပညာတွေ၊ ရှေးဟောင်းနတ်ဘုရားတွေနဲ့ "Beyonders (သာမန်လွန်သူများ)" ဆိုတာတွေ တကယ်ရှိနေမှန်း သိလိုက်ရပါတယ်။
ဇာတ်လမ်းရဲ့ အဓိက ဆွဲဆောင်မှုများ
• ကြောက်မက်ဖွယ် စွမ်းအားစနစ် (The Beyonder Pathways): ဒီကမ္ဘာမှာ စွမ်းအားတွေရဖို့ဆိုရင် သက်ဆိုင်ရာ လျှို့ဝှက်ဆေးရည် (Potions) တွေကို သောက်ရပါတယ်။ ဒါပေမယ့် စွမ်းအားတိုင်းမှာ ပေးဆပ်ရတဲ့ တန်ဖိုးတစ်ခုရှိတယ်။ စိတ်ကို မထိန်းချုပ်နိုင်တာနဲ့ ရူးသွပ်သွားနိုင်သလို၊ ပုံစံပျက် ရက်စက်တဲ့ နတ်ဆိုးတွေအဖြစ် ပြောင်းလဲသွားနိုင်တဲ့ အန္တရာယ်က သင် လှမ်းမဲ့ခြေလှမ်းတိုင်းမှာ ရှိနေပါတယ်။
• နောက်ကွယ်က ကြိုးကိုင်သူ "The Fool": Klein (ဖူးလ်) ဟာ သူ့ရဲ့ မူလကမ္ဘာကို ပြန်နိုင်ဖို့ နည်းလမ်းရှာရင်း၊ တိုက်ဆိုင်မှုတစ်ခုကြောင့် နတ်ဘုရားတစ်ပါးလို စွမ်းအားမျိုးရှိတဲ့ လျှို့ဝှက်နယ်မြေတစ်ခုကို ရောက်သွားပါတယ်။ အဲဒီကနေ သူဟာ "The Fool (ဖူးလ်)" ဆိုတဲ့ နာမည်နဲ့ လျှို့ဝှက်အဖွဲ့အစည်း (Tarot Club) ကို တည်ထောင်ခဲ့ပါတယ်။ တကယ်တော့ သူဟာ သာမန်လူတစ်ယောက်ဖြစ်ပေမယ့်၊ ကမ္ဘာအရပ်ရပ်က စွမ်းအားရှင်တွေကို စုစည်းပြီး အားလုံးက သူ့ကို ရှေးဟောင်းနတ်ဘုရားတစ်ပါးလို့ ထင်မှတ်လာအောင် နောက်ကွယ်ကနေ ဉာဏ်သုံး ကြိုးကိုင်ခြယ်လှယ်ပုံတွေက အရမ်းကို မိုက်ပါတယ်။
• လျှို့ဝှက်ဆန်းကြယ်မှုနှင့် စုံထောက်ဇာတ်လမ်း: Steampunk ခေတ်နောက်ခံနဲ့ Cthulhu / Lovecraftian (Cosmic Horror) အငွေ့အသက်တွေ ပေါင်းစပ်ထားပါတယ်။ Klein ဟာ နေ့ခင်းဘက်မှာ အမှုထောက်လှမ်းတဲ့ စုံထောက်တစ်ယောက်အနေနဲ့ နေထိုင်ပြီး ညဘက်မှာတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်အဖြစ် လှုပ်ရှားရတဲ့ Double Life ဇာတ်ကွက်တွေက ပရိသတ်ကို ဆွဲဆောင်ထားနိုင်ပါတယ်။
ဘာကြောင့် ဖတ်သင့်/ကြည့်သင့်လဲ? ဇာတ်လမ်းက အစပိုင်းမှာ ဖြည်းဖြည်းချင်း (Slow Pace) စတင်ပေမယ့် ဇာတ်ကွက် တစ်ခုနဲ့တစ်ခု ချိတ်ဆက်သွားပုံတွေ၊ ဇာတ်ကောင်တွေရဲ့ ဉာဏ်ရည်ပြိုင်ပွဲတွေနဲ့ မထင်မှတ်ထားတဲ့ အချိုးအကွေ့ (Plot twists) တွေက အံ့မခန်းပါပဲ။ Action သက်သက်မဟုတ်ဘဲ ဦးနှောက်စားတဲ့ လျှို့ဝှက်သည်းဖို၊ Dark Fantasy နဲ့ စွန့်စားခန်း ဇာတ်လမ်းတွေကို သဘောကျတဲ့သူတိုင်း လုံးဝ လက်မလွှတ်သင့်တဲ့ Masterpiece တစ်ခုဖြစ်ပါတယ်။