
အခန်း (၁) - ကြက်သွေးရောင်
နာလိုက်တာ။ တကယ်ကို နာကျင်လွန်းတယ်! ငါ့ခေါင်းတွေ အရမ်းကိုက်နေပါလား!
တီးတိုးသံတွေနဲ့ ပြည့်နှက်နေတဲ့ အရောင်အသွေးစုံလင်ပြီး စူးရှတဲ့ အိပ်မက်ကမ္ဘာကြီးက ချက်ချင်းဆိုသလို အက်ကွဲပျက်စီးသွားခဲ့တယ်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ကျိုးမင်ရွီ (Zhou Mingrui) ရဲ့ ခေါင်းထဲမှာ တစ်စုံတစ်ယောက်က တုတ်နဲ့ ရက်ရက်စက်စက် အကြိမ်ကြိမ် ရိုက်နှက်နေသလိုမျိုး ပုံမှန်မဟုတ်တဲ့ ထိုးကိုက်နာကျင်မှုကို ခံစားလိုက်ရတယ်။
မဟုတ်သေးဘူး၊ ချွန်ထက်တဲ့ အရာဝတ္ထုတစ်ခုက သူ့ရဲ့ နားထင်ကို ဖောက်ဝင်သွားပြီး လိမ်ချိုးလိုက်သလိုပဲ! အား...
မူးဝေနောက်ကျိနေတဲ့ကြားကပဲ ကျိုးမင်ရွီ ဟာ လှည့်ပြီး ခေါင်းကိုမော့ထားကာ ထထိုင်ဖို့ ကြိုးစားလိုက်တယ်၊ ဒါပေမယ့် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားသလိုပဲ ခြေလက်တွေကို လုံးဝ လှုပ်ရှားလို့ မရခဲ့ဘူး။
"ဒီပုံအတိုင်းဆို ငါ နိုးမလာသေးဘူးထင်တယ်။ အိပ်မက်ထဲမှာပဲ ရှိနေတုန်းပဲ... ဘယ်သူသိမှာလဲ၊ နောက်ပြကွက်က ငါနိုးနေပြီလို့ ထင်ရပေမယ့် တကယ်တော့ အိပ်ပျော်နေတုန်းပဲ ဆိုတာမျိုး ဖြစ်နိုင်တာပဲ..."
ဒီလိုအခြေအနေမျိုးနဲ့ စိမ်းမနေတဲ့ ကျိုးမင်ရွီ ဟာ အမှောင်ထုနဲ့ ဝေခွဲမရမှုတွေက ချည်နှောင်ထားတဲ့ အချုပ်အနှောင်ကနေ ရုန်းထွက်နိုင်ဖို့ အစွမ်းကုန် အာရုံစိုက်ဖို့ ကြိုးစားခဲ့တယ်။
သို့သော်လည်း အိပ်မက်မူးယစ်နေဆဲဖြစ်တာကြောင့် သူစုစည်းနိုင်သမျှ စိတ်ခွန်အားတွေက လွင့်ပျောက်လွယ်တဲ့ မြူခိုးတွေလိုပဲ အကောင်အထည်မဲ့နေတယ်။ သူ့အတွေးတွေကို ထိန်းချုပ်ဖို့နဲ့ ဆန်းစစ်ဖို့ ခက်ခဲနေတာကို သူတွေ့လိုက်ရတယ်။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ ခေါင်းထဲမှာ ပရမ်းပတာ အတွေးတွေ ပေါ်လာတာနဲ့အမျှ သူ့ရဲ့ အာရုံစူးစိုက်မှုတွေ လွတ်ထွက်သွားခဲ့တယ်။
"ဘာလို့ သန်းခေါင်ယံကြီးမှာ ရုတ်တရက် ခေါင်းတွေ ဒီလောက် အုံခဲနာကျင်လာရတာလဲ? တကယ်ကို နာကျင်လွန်းတယ်! ဦးနှောက်သွေးကြောပြတ်တာမျိုးများ ဖြစ်နေပြီလား?"
"တောက်၊ ငါ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သေရတော့မယ်လို့တော့ မပြောနဲ့နော်? ငါ အခုချက်ချင်း နိုးလာမှ ဖြစ်မယ်!"
"ဟင်? ဘာလို့ အရင်ကလောက် မနာတော့တာလဲ? ဒါပေမယ့် ဘာလို့ အသွားတုံးနေတဲ့ ဓားတစ်ချောင်းက ငါ့ဦးနှောက်ကို လှီးဖြတ်နေသလို ခံစားနေရတုန်းပဲလဲ..."
"ဒီပုံအတိုင်းဆို ဆက်အိပ်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး။ မနက်ဖြန် အလုပ်ကို ဘယ်လိုသွားရမလဲ? ငါ ဘာလို့ အခုထိ အလုပ်အကြောင်း စဉ်းစားနေရသေးတာလဲ? ဒါက တကယ့်ကို အပြင်းအထန် ခေါင်းကိုက်နေတဲ့ကိစ္စလေ။ သေချာပေါက် ငါ ခွင့်ယူရမယ်! မန်နေဂျာရဲ့ ညည်းညူသံတွေကိုလည်း ဂရုစိုက်နေစရာ မလိုတော့ဘူး! ဟေး၊ ဒီလိုတွေးကြည့်တော့လည်း သိပ်မဆိုးလှပါဘူး။ ဟီးဟီး၊ ငါ့အတွက် အားလပ်ချိန် နည်းနည်းရသွားတာပေါ့!"
ထိုးကိုက်နေတဲ့ နာကျင်မှုက ကျိုးမင်ရွီ ကို လွှမ်းခြုံသွားပြီးနောက်၊ ကျောပြင်ကို ဆန့်လိုက်ပြီး မျက်လုံးဖွင့်နိုင်တဲ့အထိ မမြင်ရတဲ့ ခွန်အားတွေကို ဖြည်းဖြည်းချင်း စုစည်းခွင့်ရသွားတယ်။ သူဟာ နောက်ဆုံးတော့ အိပ်မက်ထဲကနေ ရုန်းထွက်နိုင်ခဲ့ပါပြီ။
သူ့အမြင်အာရုံက အရင်ဆုံး ဝါးတားတားဖြစ်သွားပြီး မှိန်ဖျော့ဖျော့ သွေးရောင်လွှမ်းတဲ့ မြင်ကွင်းတစ်ခု ကာဆီးသွားတယ်။ သူမြင်နိုင်တာကတော့ သူ့ရှေ့က သစ်သားအကြမ်းထည်နဲ့ လုပ်ထားတဲ့ စာကြည့်စားပွဲတစ်ခုပါပဲ။
အလယ်တည့်တည့်မှာ ကြမ်းတမ်းပြီး ဝါကြန့်ကြန့် စာရွက်တွေနဲ့ ဖွင့်ထားတဲ့ မှတ်စုစာအုပ်တစ်အုပ် ရှိနေတယ်။ ခေါင်းစဉ်ကို ထူးဆန်းပြီး နက်မှောင်တဲ့ စာလုံးတွေနဲ့ မျက်စိဖမ်းစားနိုင်အောင် ရေးသားထားတယ်။ မှတ်စုစာအုပ်ရဲ့ ဘယ်ဘက်မှာတော့ သပ်သပ်ရပ်ရပ် စီထားတဲ့ စာအုပ်ရှစ်အုပ်ခန့် ရှိတယ်။
သူတို့ရဲ့ ညာဘက်နံရံမှာ မီးအိမ်တွေ တပ်ဆင်ထားတဲ့ မီးခိုးဖြူရောင် ပိုက်လုံးတွေ မြှုပ်နှံထားတယ်။ မီးအိမ်က ဂန္ထဝင် အနောက်တိုင်းစတိုင် ဖြစ်ပြီး အရွယ်ရောက်ပြီးသူ တစ်ယောက်ရဲ့ ခေါင်းတစ်ဝက်လောက် အရွယ်အစားရှိကာ အတွင်းဘက်မှာ ဖန်သားအကြည်နဲ့ အပြင်ဘက်မှာ အနက်ရောင် သတ္တုကွက်တွေနဲ့ ကာရံထားတယ်။
မီးအိမ်ရဲ့ အောက်ဘက်ထောင့်စွန်းမှာတော့ ဖျော့တော့တော့ အနီရောင်အလင်းတန်းထဲမှာ လွှမ်းခြုံနေတဲ့ အနက်ရောင် မှင်အိုးတစ်လုံး ရှိတယ်။ မျက်နှာပြင်ပေါ်က ဖောင်းကြွနေတဲ့ ပုံစံက ဝါးတားတား နတ်သမီးပုံစံတစ်ခု ဖန်တီးထားတယ်။
မှင်အိုးရှေ့နဲ့ မှတ်စုစာအုပ်ရဲ့ ညာဘက်မှာတော့ လုံးဝန်းတဲ့ ကိုယ်ထည်ရှိတဲ့ အရောင်ရင့်ရင့် ကလောင်တံတစ်ချောင်း ရှိနေတယ်။ ကလောင်သွားက မှိန်ဖျော့ဖျော့ တလက်လက် တောက်ပနေပြီး သူ့ရဲ့အဖုံးကတော့ ကြေးဝါရောင် ခြောက်လုံးပြူး သေနတ်တစ်လက်ရဲ့ ဘေးမှာ တည်ရှိနေတယ်။
"သေနတ်? ခြောက်လုံးပြူးလား?"
ကျိုးမင်ရွီ လုံးဝ အံ့အားသင့်သွားတယ်။ သူ့ရှေ့မှာ ချထားတဲ့ အရာတွေက သူ့အတွက် လုံးဝအစိမ်းသက်သက်ဖြစ်နေတယ်။ သူ့အခန်းနဲ့ နည်းနည်းမှ မတူဘူးလေ!
တုန်လှုပ်ပြီး ဝေခွဲမရဖြစ်နေချိန်မှာပဲ ပြတင်းပေါက်ကနေ ဖြာကျနေတဲ့ အလင်းရောင်ကြောင့် စားပွဲ၊ မှတ်စုစာအုပ်၊ မှင်အိုးနဲ့ ခြောက်လုံးပြူးတွေအပေါ်မှာ နီမြန်းတဲ့ ‘ကုလားကာ’ တစ်လွှာ ဖုံးအုပ်ထားသလို ဖြစ်နေတာကို သူ သတိထားမိလိုက်တယ်။
သူ မသိစိတ်ကနေ မော့ကြည့်လိုက်ပြီး သူ့အကြည့်တွေကို နည်းနည်းချင်း ရွှေ့လိုက်တယ်။ လေထဲမှာတော့ ‘အနက်ရောင် ကတ္တီပါ ကုလားကာ’ ကို နောက်ခံပြုပြီး ကြက်သွေးရောင် လွှမ်းဖုန်း နေတဲ့ လမင်းကြီးက တိတ်ဆိတ်စွာ တောက်ပရင်း အမြင့်မှာ ချိတ်ဆွဲထားသလို ရှိနေတယ်။
"ဒါက..."
ဖတ်!
နာကျင်မှုက သိပ်မသက်သာလှပါဘူး။ ကျိုးမင်ရွီ ဟာ သူ့ကိုယ်သူ အားပြုရင်း ထပ်မံ မတ်တတ်ရပ်လိုက်တယ်။ သူရောက်နေတဲ့ ပတ်ဝန်းကျင်ကို အကဲခတ်ဖို့ အလန့်တကြားနဲ့ လှည့်ပတ်ကြည့်လိုက်တယ်။
အခန်းက သိပ်မကျယ်ဝန်းဘဲ တစ်ဖက်စီမှာ အညိုရောင် တံခါးတစ်ပေါက်စီ ရှိတယ်။ မျက်နှာချင်းဆိုင် နံရံနားမှာ သစ်သားကုတင်အနိမ့်တစ်ခု ရှိတယ်။ ကုတင်နဲ့ ဘယ်ဘက်တံခါးကြားမှာ ဗီဒိုတစ်ခု ရှိတယ်။ အဲဒီဗီဒိုရဲ့ တံခါးနှစ်ချပ်က ဖွင့်ဟနေပြီး အောက်ဘက်မှာ အံဆွဲငါးခု ရှိတယ်။
ဗီဒိုရဲ့ ဘေးဘက်မှာတော့ လူတစ်ရပ်စာအမြင့်ရှိတဲ့ နံရံပေါ်မှာ ခုနကလို မီးခိုးဖြူရောင် ပိုက်လုံးကို တွေ့ရတယ်။ သို့ပေမယ့် အဲဒီပိုက်လုံးက နေရာအတော်များများမှာ ဂီယာတွေ၊ ဘောလ်ဘယ်ရင် (bearings) တွေ ထွက်နေတဲ့ ထူးဆန်းတဲ့ စက်ယန္တရားတစ်ခုနဲ့ ချိတ်ဆက်ထားတယ်။
စားပွဲအနီး အခန်းရဲ့ ညာဘက်ထောင့်မှာ ကျောက်မီးသွေးမီးဖိုနဲ့ တူတဲ့အရာတွေ၊ ဟင်းချိုအိုးတွေ၊ သံအိုးတွေနဲ့ တခြား မီးဖိုချောင်သုံးပစ္စည်းတွေ ရှိနေတယ်။ ညာဘက်တံခါးရဲ့ တစ်ဖက်မှာတော့ အက်ကွဲကြောင်း နှစ်ခုရှိနေတဲ့ မှန်တင်ခုံတစ်ခု ရှိတယ်။ အောက်ခြေကို သစ်သားနဲ့ ပြုလုပ်ထားပြီး ပုံစံဒီဇိုင်းတွေက ရိုးရှင်းပါတယ်။
သူ့အကြည့်ကို ဝှေ့ယမ်းကြည့်လိုက်ရင်း ကျိုးမင်ရွီ ဟာ မှန်ထဲက သူ့ကိုယ်သူ—လက်ရှိ သူ့ပုံစံကို သတိထားမိသွားတယ်။
"အနက်ရောင် ဆံပင်၊ အညိုရောင် မျက်လုံးများ၊ ပိတ်ကြမ်းရှပ်အင်္ကျီ၊ ပိန်ပါးတဲ့ ခန္ဓာကိုယ်၊ သာမန်ရုပ်ရည်နဲ့ တော်တော်လေး နက်ရှိုင်းတဲ့ မျက်နှာကျ..."
"ဒါက..."
ကျိုးမင်ရွီ ချက်ချင်း အသက်ရှုမှားသွားပြီး ခေါင်းထဲမှာ ကူကယ်ရာမဲ့ပြီး ဝေခွဲမရတဲ့ ခန့်မှန်းချက်တွေ အများကြီး ပေါ်လာခဲ့တယ်။ ရှေးဟောင်း ဥရောပစတိုင် ခြောက်လုံးပြူးနဲ့ ကမ္ဘာမြေရဲ့ လနဲ့မတူတဲ့ ကြက်သွေးရောင်လမင်းကြီးက အဓိပ္ပာယ် တစ်ခုပဲ ရှိနိုင်တယ်!
"င-ငါ တခြားကမ္ဘာကို ကူးပြောင်းလာတာများလား?"
(ဘာသာပြန် မှတ်ချက်။ ။ ကူးပြောင်းခြင်း (Transmigration) ဆိုသည်မှာ - လက်ရှိကမ္ဘာမှ အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားခြင်း (သို့မဟုတ်) အခြားသူတစ်ဦး၏ ခန္ဓာကိုယ်အတွင်းသို့ ဝိညာဉ်ဝင်ရောက်ကာ အသက်ဆက်လက် ရှင်သန်ရသည့် အခြေအနေကို ဆိုလိုသည်။ နောင်တွင် “ကူးပြောင်းခြင်း” ဟုသာ ဖော်ပြပါမည်။)
ကျိုးမင်ရွီ ပါးစပ်ကို အနည်းငယ် ဟလိုက်တယ်။ သူက ဝက်ဘ်နိုဗယ် (web novels) တွေကို ဖတ်ပြီး ကြီးပြင်းလာခဲ့သူဖြစ်ကာ ဒီလိုမြင်ကွင်းမျိုးတွေကို ခဏခဏ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ဒါပေမယ့် တကယ်တမ်း ဒီအခြေအနေကို ကိုယ်တိုင်ကြုံတွေ့ရတဲ့အခါ လက်ခံဖို့ ခက်ခဲနေခဲ့တယ်။
"ဒါက စိတ်ကူးယဉ်ဇာတ်လမ်းတွေကို နှစ်သက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလား?"
တစ်မိနစ်အတွင်းမှာပဲ ကျိုးမင်ရွီ ဟာ သူ့ရဲ့ ဆိုးရွားတဲ့ အခြေအနေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားရင်း သူ့ကိုယ်သူ ကျိန်ဆဲလိုက်တယ်။ သူ၏ စိတ်အာရုံကို တင်းကြပ်နေစေသော်လည်း ကြည်လင်ပြတ်သားနေစေသည့် တစ်ဆစ်ဆစ် ထိုးကိုက်နေသော ခေါင်းကိုက်ဝေဒနာသာ မရှိခဲ့လျှင်၊ သူသည် အိပ်မက်မက်နေခြင်းသာဖြစ်မည်ဟု သေချာပေါက် သံသယဝင်မိမည်မှာ အသေအချာပင်။
"စိတ်ကိုတည်ငြိမ်အောင်ထား၊ တည်ငြိမ်အောင်ထား၊ တည်ငြိမ်အောင်ထား..."
အသက်ကို ပြင်းပြင်းအကြိမ်အနည်းငယ် ရှုသွင်းလိုက်ပြီးနောက်၊ ကျိုးမင်ရွီ ဟာ အထိတ်တလန့်ဖြစ်နေတာကို ရပ်တန့်ဖို့ အပြင်းအထန် ကြိုးစားလိုက်တယ်။ ထိုအချိန်မှာပဲ သူ့စိတ်နဲ့ ခန္ဓာကိုယ် တည်ငြိမ်သွားတာနဲ့အမျှ မှတ်ဉာဏ်တွေက သူ့ဆီကို တရဟော ဝင်ရောက်လာပြီး သူ့ခေါင်းထဲမှာ ဖြည်းဖြည်းချင်း ပေါ်လာခဲ့တယ်!
"ကလိုင်း မိုရက်တီ (Klein Moretti)၊ မြောက်ပိုင်းတိုက် (Northern Continent)၊ လိုအန် ဘုရင်မင်းဆက် (Loen Kingdom)၊ အာဝါ ခရိုင် (Awwa County)၊ တင်ဂန် မြို့ (City of Tingen) ရဲ့ နိုင်ငံသားတစ်ဦး။ သူက ခွိုင် တက္ကသိုလ် (Khoy University) ရဲ့ သမိုင်းဌာနကနေ မကြာသေးမီကမှ ဘွဲ့ရထားသူတစ်ယောက်..."
"သူ့အဖေက တောင်ပိုင်းတိုက်နဲ့ ကိုလိုနီနယ်ချဲ့ ပဋိပက္ခမှာ အသက်စွန့်ခဲ့ရတဲ့ တော်ဝင်စစ်တပ်က တပ်ကြပ်ကြီးတစ်ဦး ဖြစ်တယ်။ ကျန်ရစ်သူ ထောက်ပံ့ကြေးက ကလိုင်းကို ပုဂ္ဂလိက ဘာသာစကားကျောင်းမှာ ပညာသင်ကြားခွင့် ရစေခဲ့ပြီး တက္ကသိုလ်ဝင်ခွင့်အတွက် အုတ်မြစ်ချပေးခဲ့တယ်... သူ့အမေက ညဉ့်နက်နတ်ဘုရားမ (Evernight Goddess) ကို ကိုးကွယ်ယုံကြည်သူ တစ်ဦးဖြစ်တယ်။ ကလိုင်း ခွိုင် တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ အောင်မြင်တဲ့နှစ်မှာတင် သူမ ကွယ်လွန်သွားခဲ့တယ်..."
"သူ့မှာ အစ်ကိုကြီးတစ်ယောက်နဲ့ ညီမလေးတစ်ယောက်လည်း ရှိတယ်။ သူတို့အားလုံး အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းတစ်ခုမှာ အတူနေထိုင်ကြတယ်..."
"သူတို့မိသားစုက မချမ်းသာတဲ့အပြင် အခြေအနေက အတော်လေး လိုအပ်ချက်ရှိတယ်လို့တောင် ပြောလို့ရတယ်။ လောလောဆယ် မိသားစုကို တင်သွင်းပို့ကုန် ကုမ္ပဏီတစ်ခုမှာ စာရေးအဖြစ် အလုပ်လုပ်နေတဲ့ အစ်ကိုကြီးကပဲ တစ်ဦးတည်း ထောက်ပံ့ပေးနေတယ်..."
"သမိုင်းဘွဲ့ရ တစ်ယောက်အနေနဲ့ ကလိုင်းဟာ မြောက်ပိုင်းတိုက်က ဘာသာစကားအားလုံးရဲ့ မူလအစလို့ ယူဆရတဲ့ ရှေးဟောင်း ဖေးဆက် (Feysac) ဘာသာစကားနဲ့ ရှေးဟောင်းဂူဗိမာန်တွေအပြင် ယဇ်ပူဇော်ခြင်းနဲ့ ဆုတောင်းခြင်း ဓလေ့ထုံးစံတွေနဲ့ ပတ်သက်တဲ့ စာသားတွေမှာ မကြာခဏ ပါလေ့ရှိတဲ့ ဟာမီးစ် (Hermes) ဘာသာစကားကို တတ်ကျွမ်းထားတယ်..."
"ဟာမီးစ် ဘာသာစကား?"
ကျိုးမင်ရွီ ရဲ့ စိတ်ထဲမှာ လှုပ်ရှားသွားပြီး ထိုးကိုက်နေတဲ့ နားထင်ကို လက်နဲ့ ပွတ်သပ်ကြည့်လိုက်တယ်။ ဖွင့်ထားတဲ့ မှတ်စုစာအုပ်ရှိရာ စားပွဲဆီကို သူ့အကြည့်တွေ ရောက်သွားတယ်။
ဝါကြန့်နေတဲ့ စာရွက်ပေါ်က စာသားတွေက ထူးဆန်းရာကနေ သူစိမ်းဆန်လာပြီး၊ အဲဒီကနေမှ ရင်းနှီးတဲ့ အရာတစ်ခုအဖြစ် ပြောင်းလဲသွားတာကို သူသတိထားမိလိုက်တယ်။ ပြီးတော့ ဖတ်လို့ရတဲ့ အရာတစ်ခု ဖြစ်လာတယ်။ ဒါက ဟာမီးစ် ဘာသာစကားနဲ့ ရေးထားတဲ့ စာသားပဲ!
မင်ရည်အမည်းနဲ့ အောက်ပါအတိုင်း ရေးသားထားတယ်-
"ငါ အပါအဝင် လူတိုင်း သေရလိမ့်မယ်။"
"ရှူး...!"
ကျိုးမင်ရွီသည် ရှင်းပြ၍မရသော ထိတ်လန့်တုန်လှုပ်မှုကို ခံစားလိုက်ရသည်။ သူသည် မိမိနှင့် မှတ်စုစာအုပ်အပြင် ၎င်းအပေါ်ရှိ စာသားများနဲ့ ဝေးရာ အကွာအဝေးတစ်ခုအထိ ရောက်အောင် မသိစိတ်အရ နောက်သို ဆုတ်လိုက်မိသည်။"
အရမ်းကို အားနည်းနေတဲ့အတွက် သူ လဲကျလုနီးပါး ဖြစ်သွားပေမယ့် စားပွဲစွန်းကို ကိုင်ထားဖို့ အလန့်တကြားနဲ့ လက်ကို လှမ်းလိုက်နိုင်တယ်။ ပတ်ဝန်းကျင်လေထုက တုန်ခါနေပြီး တီးတိုးသံတွေ ပဲ့တင်ထပ်နေသလို သူခံစားလိုက်ရတယ်။ အဲဒီခံစားချက်က ငယ်ငယ်တုန်းက လူကြီးတွေ ပြောပြတဲ့ သရဲတစ္ဆေပုံပြင်တွေကို ကြားနေရသလိုမျိုးပါပဲ။
အရာအားလုံးက ထင်ယောင်ထင်မှားဖြစ်နေတာလို့ ယုံကြည်ရင်း သူခေါင်းခါလိုက်တယ်။ ကျိုးမင်ရွီ ဟန်ချက်ညီအောင် ထိန်းလိုက်ပြီး အသက်ရှုဖို့ ကြိုးစားရင်း မှတ်စုစာအုပ်ဆီကနေ အကြည့်လွှဲလိုက်တယ်။ ဒီတစ်ခါတော့ သူ့အကြည့်တွေက တလက်လက် တောက်ပနေတဲ့ ကြေးဝါရောင် ခြောက်လုံးပြူးသေနတ်ဆီကို ရောက်သွားတယ်။
ရုတ်တရက် သူ့ဆီမှာ မေးခွန်းတစ်ခု ပေါ်လာတယ်။
"ကလိုင်းရဲ့ မိသားစု အခြေအနေနဲ့ဆို ဒီလို ခြောက်လုံးပြူးသေနတ် ဝယ်ဖို့ ပိုက်ဆံ ဒါမှမဟုတ် အခွင့်အလမ်း ဘယ်လိုလုပ် ရှိနိုင်မှာလဲ?"
ကျိုးမင်ရွီ မျက်မှောင်ကြုတ်လိုက်မိတယ်။ အလေးအနက် စဉ်းစားနေစဉ်မှာပဲ စားပွဲဘေးမှာ အနီရောင် လက်ဝါးရာတစ်ခုကို ရုတ်တရက် တွေ့လိုက်ရတယ်။ အဲဒီအရောင်က လရောင်ထက် ပိုရင့်ပြီး ‘ကုလားကာ’ ထက် အများကြီး ပိုထူတယ်။
"ဒါက သွေးစွန်းနေတဲ့ လက်ဝါးရာပဲ!"
ကျိုးမင်ရွီ ဟာ စားပွဲစွန်းကို ကိုင်ထားတဲ့ သူ့ရဲ့ ညာဘက်လက်ကို မသိစိတ်ကနေ လှန်ကြည့်လိုက်တယ်။ အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါ သူ့ရဲ့ လက်ဖဝါးနဲ့ လက်ချောင်းတွေမှာ သွေးတွေ ပေကျံနေတာကို တွေ့လိုက်ရတယ်။
တစ်ချိန်တည်းမှာပဲ သူ့ခေါင်းထဲက ထိုးကိုက်နာကျင်မှုက ဆက်ဖြစ်နေတယ်။ နည်းနည်း သက်သာသွားပေမယ့် အဆက်မပြတ် ဆက်ဖြစ်နေတုန်းပါပဲ။
"ငါ့ခေါင်းကို ငါ ပြန်ပစ်ခွဲလိုက်တာများလား?"
ကျိုးမင်ရွီ စဉ်းစားရင်း လှည့်ကာ အက်ကွဲနေတဲ့ မှန်တင်ခုံဆီကို လျှောက်သွားလိုက်တယ်။ ခြေလှမ်းအနည်းငယ်အကြာမှာတော့ သူ့ရှေ့မှာ အလယ်အလတ် အရပ်အမောင်းနဲ့ အညိုရောင် မျက်လုံးရှိတဲ့ ဆံပင်အနက်ရောင်နဲ့ လူတစ်ယောက်ရဲ့ ပုံရိပ် ထင်ရှားစွာ ပေါ်လာတယ်။ အဲဒီလူဆီမှာ ထင်ရှားတဲ့ ပညာတတ်အသွင်အပြင် ရှိနေတယ်။
"ဒါက လက်ရှိ ငါပဲလား? ကလိုင်း မိုရက်တီ?"
ကျိုးမင်ရွီ ခဏတာ အံ့အားသင့်သွားတယ်။ ညဘက်ဖြစ်လို့ အလင်းရောင် မလုံလောက်တာကြောင့် တချို့အရာတွေကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ သူက မှန်နဲ့ ဝင်တိုက်မိဖို့ တစ်လှမ်းအလိုအထိ ဆက်လျှောက်သွားခဲ့တယ်။ ကာရံထားတဲ့ ကုလားကာလို နီမြန်းနေတဲ့ လရောင်ကို အလင်းရောင်အဖြစ် အသုံးပြုပြီး သူ့ခေါင်းကို လှည့်ကာ နဖူးထောင့်ကို စစ်ဆေးကြည့်လိုက်တယ်။
မှန်ထဲမှာ ရှင်းလင်းတဲ့ ပုံရိပ်တစ်ခု ပေါ်လာတယ်။ သူ့နားထင်မှာ မီးလောင်ထားသလို အရာတွေ ဝန်းရံနေတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဒဏ်ရာတစ်ခု ရှိနေတယ်။ ဒဏ်ရာပတ်ပတ်လည်မှာ သွေးတွေ ပေကျံနေပြီး အတွင်းဘက်မှာတော့ မီးခိုးရောင် ဦးနှောက်အရည်တွေက ဖြည်းဖြည်းချင်း လှုပ်ရှားနေတာကို တွေ့လိုက်ရတယ်။