
အခန်း (၁)
အချို့သောသူများသည် သေဆုံးပြီးနောက်တွင် လုံးဝဥဿုံချုပ်ငြိမ်းသွားခြင်းမျိုး မရှိပေ...။
အဆုံးအစမဲ့သော သတိမေ့လျော့ခြင်းများအပြီးတွင် ရှီယုသည် ကုတင်ပေါ်မှ ရုတ်တရက် ဝုန်းကနဲ ထထိုင်လိုက်သည်။ သူသည် လတ်ဆတ်သော လေထုကို ရှူရှိုက်လိုက်ရာ ရင်ဘတ်တစ်ခုလုံး တုန်ရင်သွားရသည်။ ဦးတည်ချက်ပျောက်ဆုံးခြင်း၊ ဝေခွဲမရဖြစ်ခြင်းနှင့် ခံစားချက်ပေါင်းစုံတို့သည် သူ့စိတ်ထဲတွင် တိုးဝှေ့တက်လာ၏။
ဤနေရာက ဘယ်နေရာလဲ။
ထို့နောက် ပတ်ဝန်းကျင်ကို အလိုအလျောက် အကဲခတ်ကြည့်မိသော ရှီယုသည် ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရသည်။ တစ်ယောက်စာ အိပ်ဆောင်လား။ အကယ်၍ သူ့ကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့လျှင်တောင် အခုအချိန်မှာ ဆေးရုံမှာ ရှိနေသင့်တာ မဟုတ်လား။ ပြီးတော့ သူ့ခန္ဓာကိုယ်က... ဘယ်လိုဖြစ်ပြီး ဒဏ်ရာဒဏ်ချက် တစ်ခုမှ မရှိတာလဲ။
ရှီယုသည် နားမလည်နိုင်စွာဖြင့် အခန်းထဲကို အမြန်ဝေ့ကြည့်လိုက်ပြီးနောက် ကုတင်ဘေးရှိ မှန်တစ်ချပ်ရှေ့တွင် အကြည့်တို့ ရပ်တန့်သွားသည်။ ထိုမှန်ထဲတွင် သူ၏ လက်ရှိရုပ်သွင်က ပေါ်လွင်နေ၏။ အသက် ၁၇ နှစ် သို့မဟုတ် ၁၈ နှစ်ခန့်သာ ရှိဦးမည်ဖြစ်ပြီး အလွန်ချောမောခန့်ညားသော ပုံစံမျိုးပင်။ သို့သော် ပြဿနာမှာ ထိုသူသည် သူမဟုတ်ခြင်းပင် ဖြစ်သည်။
ယခင်က သူသည် အလုပ်ခွင်ထဲ ရောက်နေသည်မှာ ကြာပြီဖြစ်သော အသက် ၂၀ ကျော် အရွယ် ချောမောသည့် လူငယ်တစ်ယောက် ဖြစ်သည်။ သို့သော် ယခုမူ ဘယ်လိုကြည့်ကြည့် အထက်တန်းကျောင်းသားလေးတစ်ယောက်သာ...။
ဤပြောင်းလဲမှုကြောင့် ရှီယု တစ်ယောက် အချိန်အတော်ကြာ မှင်သက်သွားရသည်။ ခွဲစိတ်မှုက အလွန်အောင်မြင်သွားတာပါလို့တော့ လာမပြောကြပါနဲ့...။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် ခွဲစိတ်မှုကိစ္စ မဟုတ်တော့ဘဲ မှော်အတတ်တစ်ခုခုနှင့်ပင် တူနေသောကြောင့်ဖြစ်သည်။ သူ့မျက်နှာနှင့် ခန္ဓာကိုယ်တစ်ခုလုံး ပြောင်းလဲသွားခဲ့ပြီ။ သူသည် လုံးဝ တခြားလူတစ်ယောက် ဖြစ်သွားပြီ မဟုတ်ပါလား။
ဒါဆို သူက... တခြားကမ္ဘာတစ်ခုကို ကူးပြောင်းလာတာများလား။
ကုတင်ခေါင်းရင်းရှိ ဖုန်းရွှေ
(ဖုန်းရွှေ (Feng Shui) ဆိုတာ တရုတ်ရိုးရာ အယူအဆတစ်ခုဖြစ်ပြီး လူနဲ့ ပတ်ဝန်းကျင်ကြားမှာ ကောင်းမွန်တဲ့ စွမ်းအင်တွေ စီးဆင်းနိုင်အောင် အစီအမံပြုလုပ်ခြင်းကို ဆိုလိုပါတယ်)
မကောင်းလှသော မှန်အပြင်၊ ၎င်းဘေးတွင် စာအုပ်သုံးအုပ် ရှိနေသည်ကိုလည်း ရှီယု တွေ့လိုက်ရသည်။ သူသည် ထိုစာအုပ်များကို ကောက်ယူကြည့်ရှုလိုက်ရာ စာအုပ်အမည်များကြောင့် ချက်ချင်းပင် ဆွံ့အသွားရလေသည်။
[အဆင့်နိမ့် သားရဲယဉ်ပါးအောင်ပြုလုပ်သူများအတွက် မရှိမဖြစ် သားရဲမွေးမြူရေး လက်စွဲ]
[သားဖွားပြီးနောက် အိမ်မွေးတိရစ္ဆာန်များကို ပြုစုစောင့်ရှောက်ခြင်း]
[ကွဲပြားသော မျိုးနွယ်စုများမှ သားရဲနားရွက်ပါသော မိန်းကလေးများအား အကဲဖြတ်ခြင်း လမ်းညွှန်]
ရှီယု - “?”
ပထမစာအုပ်နှစ်အုပ်၏ အမည်များက ပုံမှန်ဖြစ်သော်လည်း နောက်ဆုံးတစ်အုပ်က ဘာကြီးလဲ။
ဟင်း။
ရှီယု၏ အကြည့်တို့က တည်ကြည်သွားပြီး လက်ကို ဆန့်ထုတ်လိုက်သည်။ သို့သော် သူ၏ လက်မောင်းက ရုတ်တရက် တောင့်တင်းသွား၏။ တတိယမြောက်စာအုပ်က ဘာအကြောင်းလဲဆိုတာ ဖွင့်ကြည့်ဖို့ ပြင်လိုက်စဉ်မှာပင် ဦးခေါင်းထဲတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး မှတ်ဉာဏ်အမြောက်အမြားက စိတ်ထဲသို့ အလုံးအရင်းနှင့် စီးဝင်လာခဲ့သည်။
ရေခဲပြင်မြို့တော် ။
အိမ်မွေးတိရစ္ဆာန် မွေးမြူရေးစခန်း။
အလုပ်သင် တိရစ္ဆာန်မွေးမြူရေးသမား။
သားရဲယဉ်ပါးအောင်ပြုလုပ်သူ ?
ဒါတွေက ဘာတွေလဲ...။
ဤရုတ်တရက် ပေါ်လာသော မှတ်ဉာဏ်များကို အစာခြေရန် ရှီယု ဆယ်မိနစ်ကျော် အချိန်ယူလိုက်ရသည်။ အချိန်အတော်ကြာပြီးနောက်တွင် သူသည် ရှုပ်ထွေးသော မျက်နှာပေးဖြင့် ခေါင်းမော့လိုက်သည်။ သူ ထင်တာ မှန်နေသည်။ သူသည် တကယ်ကိုပင် တခြားကမ္ဘာတစ်ခုသို့ ကူးပြောင်းလာခဲ့ခြင်း ဖြစ်သည်။ ထိုမှတ်ဉာဏ်များကြောင့်သာမက သူ၏ ရုပ်ရည်က သူ့ကို သစ္စာဖောက်မည်မဟုတ်ကြောင်း သိနေသောကြောင့်လည်း ဖြစ်သည်။
လူတိုင်း သိကြသည့်အတိုင်း ရုပ်ဆိုးသောသူများသည် တခြားကမ္ဘာသို့ ကူးပြောင်းခွင့် မရနိုင်ကြပေ။ ဤသည်မှာ တစ်နေရာရာတွင် ပြဋ္ဌာန်းထားသော နိယာမတစ်ခုလိုပင်။ သူက အလွန်ချောမောနေတာကြောင့် သေချာပေါက် သူ ကူးပြောင်းလာခဲ့တာပေါ့...။
မတော်တဆ သေဆုံးမှုအပြီးတွင် သူသည် သားရဲများက အဓိကကျသော ဤကမ္ဘာသစ်သို့ ကူးပြောင်းလာခဲ့ခြင်း ဖြစ်ရမည်။ ဤအခန်းသည် ခေတ်မီသော တစ်ယောက်စာ အိပ်ဆောင်နှင့် တူသော်လည်း သူသည် ကမ္ဘာမြေပေါ်တွင် မဟုတ်တော့ပေ။ ထိုအစား ဘလူးပလန်းနက် ဟုခေါ်သော ကမ္ဘာတစ်ခုသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ဤနေရာသည် အလွန်ထူးဆန်းပြီး ယဉ်ကျေးမှုမှာလည်း ကမ္ဘာမြေနှင့် လုံးဝ ကွဲပြားသည်။ ရှေးပဝေသဏီကတည်းက ဤနေရာတွင် အံ့မခန်းစွမ်းအားများ တည်ရှိခဲ့ပြီး ၎င်းတို့သည် ရှီယု ရုပ်ရှင်များတွင် မြင်ဖူးခဲ့သော တိုက်ခိုက်ရေးဝိညာဉ်စွမ်းအား၊ မှော်အတတ် သို့မဟုတ် ကျင့်ကြံခြင်းစွမ်းအားများ မဟုတ်ပေ...။
အဘယ်ကြောင့်ဆိုသော် ဤနေရာရှိ သတ္တဝါတိုင်းတွင် ထူးကဲသော ဆင့်ကဲပြောင်းလဲမှု ဖြစ်ပေါ်နိုင်ခြေရှိသောကြောင့် ဖြစ်သည်။ ဆက်တိုက် ဆင့်ကဲပြောင်းလဲခြင်းအားဖြင့် တိရစ္ဆာန်များနှင့် အပင်အများစုသည် မြင့်မားသော ဉာဏ်ရည်နှင့် အစွမ်းထက်သော စွမ်းရည်များကို ရရှိလာကြသည်။ ၎င်းသည် အပင်နှင့် တိရစ္ဆာန်များတွင်သာ ကန့်သတ်မထားဘဲ တောင်တန်းများ၊ အိုင်များနှင့် နှင်းမုန်တိုင်းများပင်လျှင် သက်ရှိသတ္တဝါများအဖြစ် ဆင့်ကဲပြောင်းလဲနိုင်သည်။
ဤထူးကဲသော သတ္တဝါများသည် လျှပ်စီး၊ မီးလျှံနှင့် လေပြင်းမုန်တိုင်းများကဲ့သို့သော အစွမ်းထက်စွမ်းရည်များကို ပိုင်ဆိုင်ကြသည်။ ၎င်းတို့သည် ကမ္ဘာမြေပေါ်ရှိ ဒဏ္ဍာရီလာ သားရဲများနှင့် မခြားနားလှပေ။
ဤအခြေအနေတွင် ဤကမ္ဘာ၏ ရှေးခေတ်ကာလများ၌ အားနည်းသော လူသားများသည် ရှင်သန်ရန်အတွက် အစွမ်းထက်သော သတ္တဝါများကို အကာအကွယ်ပေးသူများအဖြစ် အားကိုးခဲ့ကြရသည်။ သို့သော်လည်း နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် လူသားမျိုးနွယ်သည် သားရဲများကို ထိန်းချုပ်နိုင်သည့် စွမ်းရည်ဖြစ်သော ကိုယ်ပိုင်ထူးကဲစွမ်းအားကို တဖြည်းဖြည်း တီထွင်လာနိုင်ခဲ့သည်။ အချို့သောသူများသည် စိတ်စွမ်းအားစုခြင်း အားဖြင့် သူတို့၏ စိတ်ထဲတွင် အခြားအာကာသဟင်းလင်းပြင်တစ်ခုကို ဖွင့်လှစ်နိုင်ပြီး ထိုလှောင်အိမ်သဏ္ဌာန် ဟင်းလင်းပြင်မှတစ်ဆင့် ထူးကဲသတ္တဝါများကို ဖမ်းယူနိုင်ကြသည်။
အစပိုင်းတွင် လူသားများသည် အားနည်းသော ထူးကဲသတ္တဝါများကို အတင်းအဓမ္မ ဖမ်းယူကာ ကျွန်များသဖွယ် ဆက်ဆံခဲ့ကြသည်။ ၎င်းတို့ကို အလုပ်ခိုင်းစေခြင်းနှင့် တိုက်ခိုက်ခိုင်းခြင်းများ ပြုလုပ်ခဲ့သော်လည်း အစွမ်းထက်သော ထူးကဲသတ္တဝါများနှင့် ရင်ဆိုင်ရလျှင် လူသားများအနေဖြင့် ဘာမှ မတတ်နိုင်သေးပေ။
သို့သော်လည်း နောက်ပိုင်းတွင် အချို့သောသူများသည် သားရဲထိန်းကျောင်းမှု ဟင်းလင်းပြင် အတွင်းရှိ ထူးကဲသတ္တဝါများ၏ ကြီးထွားနှုန်းသည် ပြင်ပကမ္ဘာထက် အဆပေါင်းများစွာ ပိုမြန်ကြောင်း ရှာဖွေတွေ့ရှိခဲ့ကြသည်။ ၎င်းတို့အတွက် မျိုးနွယ်စု ကန့်သတ်ချက်များကို ကျော်ဖြတ်ပြီး ဆင့်ကဲပြောင်းလဲရန်လည်း ပိုမိုလွယ်ကူစေသည်။ ဤရှာဖွေတွေ့ရှိမှုကြောင့် လူသားများသည် ထိပ်သီးသို့ တက်လှမ်းရန် မျှော်လင့်ချက် မြင်လာခဲ့ကြပြီး သားရဲထိန်းကျောင်းမှု ဟင်းလင်းပြင်ကို စတင်လေ့လာခဲ့ကြသည်။
ထို့နောက်တွင် ဖမ်းယူခြင်း၊ လေ့ကျင့်ပေးခြင်း၊ မွေးမြူခြင်းနှင့် အမိန့်ပေးခြင်း စသည့် ကဏ္ဍများတွင် လူသားများသည် သူတို့၏ သားရဲများ၏ စွမ်းရည်များကို ဆက်တိုက် မြှင့်တင်ပေးခဲ့ကြပြီး ဤစနစ်ကို တဖြည်းဖြည်း ပြည့်စုံအောင် ပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့် အမျိုးမျိုးသော အစွမ်းထက် တိုက်ခိုက်ရေး သားရဲများကို လူသားများက မွေးမြူလာနိုင်ခဲ့ကြသည်။ သူတို့သည် ကမ္ဘာ့ဇာတ်ခုံပေါ်သို့ လှမ်းတက်လာသည်နှင့်အမျှ သူတို့၏ အသက်မွေးဝမ်းကျောင်းကို "သားရဲယဉ်ပါးအောင်ပြုလုပ်သူ" သို့မဟုတ် သားရဲထိန်းကျောင်းသူ ဟု ခေါ်တွင်လာခဲ့ကြသည်။
သားရဲယဉ်ပါးအောင်ပြုလုပ်သူများ ထွန်းကားလာသည်နှင့်အမျှ များပြားလှသော ထူးကဲသတ္တဝါများသည် လူသားများ၏ ထူးကဲစွမ်းရည်ကို အသုံးပြုကာ လျင်မြန်စွာ ကြီးထွားရန်နှင့် သူတို့၏ မျိုးနွယ်စု ကန့်သတ်ချက်များကို ကျော်ဖြတ်နိုင်ရန် မျှော်လင့်ချက်ဖြင့် လူသားများနှင့် ပဋိညာဉ်စာချုပ် ချုပ်ဆိုရန် အစပြုလာကြသည်။
ယခုအခါ နှစ်ပေါင်းထောင်ချီ ကြာပြီးနောက်တွင် လူသားများသည် တောက်ပသော သားရဲယဉ်ပါးမှု ယဉ်ကျေးမှုကို ထူထောင်ပြီးဖြစ်ကာ ဤဂြိုဟ်ပေါ်ရှိ အရင်းအမြစ် အပေါများဆုံး ဒေသများကိုလည်း ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။
ဤသားရဲခေတ်တွင် သားရဲယဉ်ပါးအောင်ပြုလုပ်သူ ဖြစ်ခြင်းသည် အဆင့်အတန်းနှင့် လူမှုအလွှာ၏ အမှတ်အသားတစ်ခု ဖြစ်လာသည်။ နယ်ပယ်အသီးသီးသည် သားရဲယဉ်ပါးအောင်ပြုလုပ်သူများနှင့် နီးကပ်စွာ ဆက်နွှယ်နေသည်။ သားရဲယဉ်ပါးအောင်ပြုလုပ်သူ ဖြစ်လာမှသာ နယ်ပယ်အားဖြင့် အထက်တန်းလွှာ တစ်ယောက် ဖြစ်လာနိုင်မည်ဖြစ်သည်။
ဥပမာအားဖြင့် ပြိုင်ပွဲတစ်ခုတွင် နာမည်ကြီး သားရဲယဉ်ပါးအောင်ပြုလုပ်သူ တစ်ယောက်၏ ပါဝင်ကြေးမှာ မယုံနိုင်လောက်အောင် မြင့်မားသည်။ မြို့တစ်မြို့ကို တာဝန်ယူ စောင့်ရှောက်နေသော အစွမ်းထက် သားရဲယဉ်ပါးအောင်ပြုလုပ်သူ တစ်ဦး ရှိနေရုံနှင့်ပင် ထိုမြို့၏ စီးပွားရေးကို တိုက်ရိုက် မြှင့်တင်ပေးနိုင်သည်။ သားရဲယဉ်ပါးအောင်ပြုလုပ်သူများသည် စက်မှုလုပ်ငန်း အများစု၏ အဓိက နေရာများကို ရယူထားကြပြီး ထိပ်တန်း ရာထူးများကိုလည်း ၎င်းတို့ကပင် ချုပ်ကိုင်ထားကြသည်...။
သို့သော် လူသားများသည် ကမ္ဘာပေါ်တွင် ထွန်းကားလာခဲ့သော်လည်း နေရာအနှံ့အပြားတွင် ယဉ်ပါးအောင် ပြုလုပ်၍မရသော သားရဲ အမြောက်အမြား ရှိနေသေးပြီး ၎င်းတို့သည် လူသား မြို့ပြများအတွက် မကြာခဏ ဘေးဒုက္ခများ ဖြစ်ပေါ်စေသည်။ ထို့ကြောင့်လည်း အချို့သော မြို့များသည် သူတို့ကို ကာကွယ်ရန် အစွမ်းထက် သားရဲယဉ်ပါးအောင်ပြုလုပ်သူများကို ဆွဲဆောင်စည်းရုံးရန် မျှော်လင့်ကြခြင်း ဖြစ်သည်။
သူ့မှတ်ဉာဏ်ထဲတွင်တော့... မူလကိုယ်ခန္ဓာပိုင်ရှင်၏ မိသားစုသည် သားရဲအုပ်စုများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည်။
"သားရဲယဉ်ပါးရာ ကမ္ဘာ... ငါ အကြမ်းဖျင်းတော့ နားလည်သွားပြီ။"
"ဒါပေမဲ့ ဘာလို့ ငါ ကူးပြောင်းလာပြီးတော့မှ ပိုပြီး သနားစရာကောင်းနေရတာလဲ" ရှီယု သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ချလိုက်သည်။
ထားလိုက်ပါတော့။ သို့သော် ဤကဲ့သို့ အန္တရာယ်များသော ကမ္ဘာတွင် သူဌေးသား သို့မဟုတ် အဆင့်မြင့် မျိုးဆက်တစ်ခုခုထဲကို ကူးပြောင်းလာရလျှင် ပိုကောင်းမှာ အမှန်ပင်။ ငယ်ငယ်ကတည်းက သူ့ကို ကာကွယ်ပေးမယ့် နဂါးမလေးမျိုး ဒါမှမဟုတ် နတ်သူငယ်လေးတွေရဲ့ အဖော်ပြုမှုကို ရရှိခဲ့ရင် ပိုကောင်းမှာပါ။ ဒါမှသာ သူ ကူးပြောင်းလာရကျိုး နပ်မှာ မဟုတ်လား။
ကံမကောင်းစွာဖြင့် ကူးပြောင်းခြင်းသည် လူပြန်ဝင်စားခြင်းကဲ့သို့ပင် ဖြစ်သည်။ ၎င်းသည် ကျွမ်းကျင်မှုတစ်ခုပင်။ သူ့အမည်မှာ ရှီယု ဖြစ်နေဆဲ ဖြစ်သော်လည်း သူသည် ကမ္ဘာမြေပေါ်ရှိ ဒဏ္ဍာရီ သမိုင်းပညာရှင် ရှီယု မဟုတ်တော့ပေ။ ထိုအစား သူသည် ရေခဲပြင်မြို့တော်၏ အိမ်မွေးတိရစ္ဆာန် မွေးမြူရေးစခန်းမှ သာမန် အလုပ်သင် မွေးမြူရေးသမားလေး တစ်ယောက်သာ ဖြစ်သည်။
သူသည် သားရဲယဉ်ပါးအောင်ပြုလုပ်သူ မဟုတ်သေးဘဲ... သားရဲယဉ်ပါးအောင်ပြုလုပ်သူများအတွက် အစေခံတစ်ယောက်နှင့် ပိုတူသည်။ ဤနေရာသည် အိမ်မွေးတိရစ္ဆာန်များကို ပြုစုပျိုးထောင်ရန် သီးသန့်နေရာ ဖြစ်သော်လည်း သူသည် လက်ရှိတွင် ၎င်းတို့ကို မည်သို့မွေးမြူရမည်ကို သင်ယူနေရဆဲ ဖြစ်သည်။ သူ၏ နေ့စဉ်တာဝန်မှာ သားရဲပေါက်လေးများကို အစာကျွေးခြင်း၊ မစင်များကို သန့်ရှင်းရေးလုပ်ခြင်းနှင့် နေရာရှင်းလင်းခြင်းတို့ ဖြစ်သည်။ သူသည် လူ့အဖွဲ့အစည်း၏ အောက်ခြေအလွှာမှ အလုပ်သမားတစ်ယောက်သာ ဖြစ်သည်။
သို့သော် ဤနည်းဖြင့် ရှီယုသည် ဤစာအုပ်များမှတစ်ဆင့် အသိပညာများကို စတင်လေ့လာနိုင်သည်။ သူ လေ့လာနေရခြင်းမှာ... မူလပိုင်ရှင်သည် သားရဲယဉ်ပါးအောင်ပြုလုပ်သူ တစ်ဦး ဖြစ်လာရန် မျှော်လင့်ချက်ဖြင့် အပြင်းအထန် ကြိုးစားခဲ့သောကြောင့် ဖြစ်သည်။
သို့သော် လက်တွေ့တွင်မူ... သူသည် ကိုယ့်ကိုယ်ကိုယ်တောင် မထောက်ပံ့နိုင်သော မိဘမဲ့တစ်ယောက် ဖြစ်နေပြီး သားရဲများကို လေ့ကျင့်ပေးဖို့ ဆိုသည်မှာ ဝေးလွန်းလှသည်။ မူလ ရှီယု၏ မိသားစု အခြေအနေနှင့်ဆိုလျှင် သားရဲယဉ်ပါးအောင်ပြုလုပ်သူ ဖြစ်လာရန်မှာ အလွန် ခက်ခဲလိမ့်မည်။
သို့သော်လည်း "ရှီယု" သည် အချို့နေရာများတွင် ကံကောင်းပါသည်။ သူ၏ အရည်အချင်း အနည်းငယ်နှင့် ကြိုးစားမှုကြောင့် အနည်းဆုံးတော့ လက်ရှိ အလုပ်အကိုင်သည် သားရဲယဉ်ပါးအောင်ပြုလုပ်သူ ဖြစ်လာခြင်းနှင့် ဆက်စပ်နေသည်။ အနာဂတ်တွင် သားရဲယဉ်ပါးအောင်ပြုလုပ်သူ ဖြစ်လာရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
"သူ" သည် အတော်အတန် ပြင်ဆင်မှုများပင် ပြုလုပ်ထားပြီး အဆင့်မြင့် သားရဲပေါက်များကို ချေးငွေယူကာ ဝယ်ယူရန် ဆုံးဖြတ်ထားခဲ့သည်။ ဟုတ်ပါသည်၊ သူသည် ထိုမျှ ငယ်ရွယ်သော အရွယ်တွင် သားရဲတစ်ကောင်အတွက် ချေးငွေယူရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
ရှီယု၏ စိတ်ဓာတ်များ ပြိုလဲသွားရသည်။ ၎င်းသည် တကယ်ကို ဝမ်းနည်းစရာ ကောင်းလှသည်။ ယခင်ဘဝက အိမ်ချေးငွေနှင့် ကားချေးငွေများကြောင့် ကြွေးမြီပတ်လည် ဝိုင်းခဲ့သော လက်ရှိ ရှီယုသည် မူလပိုင်ရှင်ကို အလွန်ပင် ကိုယ်ချင်းစာမိသွားသည်။ ကူးပြောင်းလာပြီးတာတောင် ချေးငွေ ပြန်ဆပ်ရဦးမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဒါက အဝေးကြီးမှာ ရှိနေသေးတဲ့ အနာဂတ်ကိစ္စပါ။ လောလောဆယ်တော့ ရှီယုက အောက်ခြေ အလုပ်သမားတစ်ယောက်ပဲ ရှိသေးတယ်။ ဒါ့အပြင် ခဏနေရင် သူ့ကို စောင့်ကြိုနေတဲ့ တာဝန်တွေ ရှိနေသေးတယ်။ သူ့မှာ တင်းကျပ်တဲ့ အလုပ်ချိန်ဇယား ရှိတယ်။ အမှန်အတိုင်း ပြောရရင် အထက်တန်းကျောင်းတုန်းကလွဲရင် မနက် ၆ နာရီမှာ သူ နိုးမလာခဲ့တာ ကြာပါပြီ...။
ရှီယုသည် နာကျင်နေသော ခေါင်းကို ပွတ်လိုက်သည်။ ထို့နောက် နံရံဆီသို့ လျှောက်သွားကာ အလုပ်ဇယားကို ကပ်လိုက်သည်။ ဤသည်မှာ မနေ့ကမှ ထုတ်ပြန်ထားသော အပတ်စဉ် တာဝန်စာရင်း ဖြစ်သည်။ မွေးမြူရေးစခန်းရှိ အလုပ်သင်တစ်ဦးအနေဖြင့် သူ၏ နေ့စဉ်တာဝန်များကို သတ်မှတ်ပေးထားသည်။
ဒီနေ့ အလုပ်က... ရှီယုသည် တနင်္လာနေ့ အောက်ရှိ အကြောင်းအရာများကို ကြည့်လိုက်သည်။
နံနက်ပိုင်း - နှင်းဝံပုလွေများကို အစာကျွေးရန် (တစ်ဦးတည်းလုပ်ဆောင်ရမည့် တာဝန်)... အစာများကို ရွှေ့ရန် (အဖွဲ့လိုက်လုပ်ဆောင်ရမည့် တာဝန်)...
မွန်းလွဲပိုင်း - အစိမ်းရောင်ပိုးကောင်၏ ကြီးထွားမှုဆိုင်ရာ အချက်အလက်များကို မှတ်တမ်းတင်ရန် (စုပေါင်းလုပ်ဆောင်ရမည့် တာဝန်)...
အင်း... မှတ်ဉာဏ်ထဲကအတိုင်းဆိုရင်... နှင်းဝံပုလွေတွေက အုပ်စုလိုက်နေတတ်ပြီး ကြမ်းတမ်းရက်စက်တဲ့ အသားစား သတ္တဝါတွေ မဟုတ်လား။ ဒီလောက် အန္တရာယ်များတဲ့ တာဝန်ကို... တစ်ယောက်တည်း လုပ်ခိုင်းတာ တကယ်ပဲလား။
ရှီယု အလေးအနက် စဉ်းစားခန်း ဝင်သွားသည်။ သူသည် ငယ်စဉ်က ခွေးကိုက်ခံခဲ့ရဖူးသဖြင့် ဝံပုလွေကဲ့သို့သော သတ္တဝါများကို သဘာဝအတိုင်း ကြောက်ရွံ့တတ်သည်။ ဤတာဝန်သည် သူ့အတွက် အနည်းငယ် ခက်ခဲနေသည်။
"ဒါပေမဲ့ ပြဿနာ မရှိလောက်ပါဘူး..." ရှီယုသည် သူ့တွင် "စိတ်ချင်းဆက်သွယ်ခြင်း" ဟူသော အရည်အချင်း ရှိသည်ကို ရုတ်တရက် သတိရလိုက်သည်။ သူသည် မည်သည့် သတ္တဝါနှင့်မဆို ပုံမှန်အတိုင်း ဆက်သွယ်နိုင်သဖြင့် ဘာမှ မှားယွင်းမည်မဟုတ်ဟု ခံစားရသည်။
သူသည် ဤနေရာသို့ အလုပ်သင်အဖြစ် လာနိုင်ခဲ့ခြင်းမှာ ကျောင်း၏ သီအိုရီအတန်းတွင် ရမှတ်ကောင်းခြင်းကြောင့်သာမက "စိတ်စွမ်းအင်" ဟုခေါ်သော အထူး သားရဲယဉ်ပါးမှု အရည်အချင်း ရှိသောကြောင့်လည်း ဖြစ်သည်။
လူသားများသည် စိတ်စွမ်းအင်စုခြင်းအားဖြင့် သူတို့၏ သားရဲထိန်းကျောင်းမှု ဟင်းလင်းပြင်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်သောအခါ သားရဲယဉ်ပါးမှု အရည်အချင်း လည်း နိုးထလာမည်ဖြစ်သည်။ ပထမဆုံး သားရဲနှင့် ပဋိညာဉ် မချုပ်ဆိုရသေးသည်မှာ လွဲလျှင် ရှီယုသည် သားရဲထိန်းကျောင်းမှု ဟင်းလင်းပြင်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး သူ၏ အရည်အချင်းလည်း နိုးထလာခဲ့ပြီဖြစ်သည်။
ကံကောင်းစွာဖြင့် သားရဲယဉ်ပါးမှု အရည်အချင်း ရှိသူများကို ပြုစုပျိုးထောင်ရန်အတွက် ခေတ်သစ်ကာလတွင် နိုင်ငံတော်သည် သားရဲထိန်းကျောင်းမှု ဟင်းလင်းပြင် ဖွင့်လှစ်ခြင်းဆိုင်ရာ စိတ်စွမ်းအင်ကို မသင်မနေရ ပညာရေးတွင် ထည့်သွင်းထားသည်။ ရှီယုသည် ထိုအဆင့်တွင် သားရဲယဉ်ပါးမှု အရည်အချင်း ရှိ၊ မရှိ စမ်းသပ်ခံခဲ့ရခြင်း ဖြစ်သည်။
သားရဲယဉ်ပါးမှု အရည်အချင်း အမျိုးအစား များစွာရှိသော်လည်း ၎င်းတို့ကို အဓိကအားဖြင့် နှစ်မျိုး ခွဲခြားထားသည် - အားဖြည့်အမျိုးအစား နှင့် အထူးအမျိုးအစား တို့ ဖြစ်သည်။ နိုးထမှု အချိုးအစားမှာ ၉ အချိုး ၁ ခန့် ရှိသည်။
ထိုသို့သော အရည်အချင်း ရှိသည့် သားရဲယဉ်ပါးအောင်ပြုလုပ်သူများအတွက် - ဥပမာအားဖြင့် မီးစွမ်းအားဖြည့် အရည်အချင်းရှိလျှင် - လေ့ကျင့်ပေးရန် မီးစွမ်းရည်ရှိသော သားရဲများကို ရှာဖွေခြင်းက အကောင်းဆုံးဖြစ်သည်။ တိုက်ပွဲတွင် ဤသားရဲယဉ်ပါးအောင်ပြုလုပ်သူများသည် သူတို့၏ သားရဲယဉ်ပါးမှု အရည်အချင်းကို အသုံးပြု၍ သူတို့ သားရဲများ၏ မီးစွမ်းရည်ကို ပိုမိုအားကောင်းလာစေရန် ပြုလုပ်နိုင်သည်။
အားဖြည့်အမျိုးအစား အရည်အချင်းနှင့် နှိုင်းယှဉ်လျှင် အထူးအမျိုးအစား အရည်အချင်းသည် အလွန် ရှုပ်ထွေးပြီး ပုံသေမရှိပေ။ ကွဲပြားသော အရည်အချင်းများ၏ ဖော်ပြပုံမှာလည်း အလွန် ကွာခြားလှသည်။ ဥပမာအားဖြင့် "မျှဝေခြင်း" ဟူသော အထူးအရည်အချင်းသည် သားရဲယဉ်ပါးအောင်ပြုလုပ်သူကို သူတို့၏ ပဋိညာဉ်ချုပ်ထားသော သားရဲထံမှ စွမ်းရည်တစ်ခု ရရှိစေပြီး ထူးကဲစွမ်းအားကို ရရှိစေနိုင်သည်။ ယေဘုယျအားဖြင့် ဤအရည်အချင်းရှိသော သားရဲယဉ်ပါးအောင်ပြုလုပ်သူများသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းနှင့် တိုက်ခိုက်ရေးစွမ်းအားတွင် သာမန် သားရဲယဉ်ပါးအောင်ပြုလုပ်သူများထက် များစွာ ပိုမို အားကောင်းကြသည်။
"ပေါင်းစပ်ခြင်း" ဟူသော အထူးအရည်အချင်းလည်း ရှိသေးသည်။ ၎င်းသည် သားရဲယဉ်ပါးအောင်ပြုလုပ်သူကို သူတို့၏ သားရဲနှင့် ခေတ္တပေါင်းစပ်ကာ ပုံစံသစ်တစ်ခု ဖြစ်လာစေနိုင်သည်။ ထိုသားရဲနားရွက်နှင့် မိန်းကလေးများသည် တကယ်ပဲ ရှိနေတာလား။
ရှီယု၏ စိတ်ချင်းဆက်သွယ်ခြင်း အရည်အချင်းမှာ အထူးအရည်အချင်း တစ်မျိုး ဖြစ်သော်လည်း ၎င်းသည် အတော်အတန် အတွေ့ရများသည်။ ၎င်းသည် အသုံးအများဆုံး အထူးအရည်အချင်းများထဲမှ တစ်ခုပင်။ စိတ်ချင်းဆက်သွယ်ခြင်း ဆုလာဘ်ရှိသော သားရဲယဉ်ပါးအောင်ပြုလုပ်သူများသည် သူတို့၏ စွမ်းရည်ကို ကျွမ်းကျင်ပြီးနောက် မည်သည့် ဉာဏ်ရည်ရှိ သတ္တဝါနှင့်မဆို ဘာသာစကား အတားအဆီးမရှိဘဲ ဆက်သွယ်နိုင်သည်။
ယေဘုယျအားဖြင့် ပြောရလျှင် သားရဲယဉ်ပါးအောင်ပြုလုပ်သူများသည် သူတို့ ပဋိညာဉ်ချုပ်ဆိုထားသော သားရဲ၏ စိတ်ကူးများကိုသာ နားလည်နိုင်သည်။ သို့သော် စိတ်ချင်းဆက်သွယ်ခြင်း အရည်အချင်း ရှိသူများသည် တခြားလူများ၏ သားရဲများ၊ တောရိုင်း သတ္တဝါများနှင့်ပင် ဆက်သွယ်နိုင်သည်။
သားရဲယဉ်ပါးအောင်ပြုလုပ်သူ အတတ်ပညာ တိုးတက်မှုအတွက် စိတ်ချင်းဆက်သွယ်ခြင်း အရည်အချင်းသည် တိုက်ခိုက်ရေးစွမ်းအားကို တိုက်ရိုက် မမြှင့်တင်ပေးနိုင်သော်လည်း ၎င်း၏ အဆင့်အတန်းမှာ မယိမ်းယိုင်ဘဲ မရှိမဖြစ် လိုအပ်လှသည်။ အဆုံးတွင်တော့ သူတို့သည် တခြားမျိုးနွယ်စုများနှင့် ဆက်သွယ်နိုင်ပါက မလိုအပ်သော တိုက်ပွဲများကို ရှောင်ရှားနိုင်မည် မဟုတ်ပါလား။
ဥပမာအားဖြင့် သားရဲယဉ်ပါးအောင်ပြုလုပ်သူ နယ်ပယ်တွင် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၊ ဆရာများ၊ သုတေသီများ၊ မွေးမြူရေးသမားများ စသည်ဖြင့် အဓိက ရာထူးအားလုံးကို စိတ်ချင်းဆက်သွယ်ခြင်း အရည်အချင်းရှိသော သားရဲယဉ်ပါးအောင်ပြုလုပ်သူများကပင် ရယူထားကြသည်။ ၎င်းသည် နေရာတိုင်းတွင် အသုံးဝင်သော စွမ်းရည်ပင်။
သူ့တွင် ထိုကဲ့သို့ လက်တွေ့ကျသော သားရဲယဉ်ပါးမှု အရည်အချင်း ရှိသည်။ ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် သူသည် တောရိုင်းသတ္တဝါများနှင့် ပိုမို လွယ်ကူစွာ သင့်မြတ်နိုင်သည်။ ဤသို့ တွေးလိုက်မိပြီးနောက် ရှီယု သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။ သူသည် စိတ်ချင်းဆက်သွယ်ခြင်းကို အသုံးပြုရာတွင် အလွန် မကျွမ်းကျင်သေးသော်လည်း အခြေအနေက ထိုမျှ ဆိုးရွားမည် မဟုတ်ပေ။
သူသည် ပတ်ဝန်းကျင်ကို နားစွင့်ရန် သူ၏ သားရဲယဉ်ပါးမှု အရည်အချင်းကို အလိုအလျောက် အသုံးပြုကြည့်ရန် ကြိုးစားလိုက်သည်။ နောင်တွင် မကျရှုံးစေရန် အဆင့်ဆင့်ကို ကြိုတင် ကျွမ်းကျင်အောင် ပြုလုပ်ရန် သူ စီစဉ်လိုက်သည်။
သို့သော် ထိုအချိန်တွင် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်ခဲ့သည်...။
ရှီယု၏ စိတ်ထဲတွင် သားရဲဟင်းလင်းပြင်က တုန်ခါသွားသည်နှင့်အမျှ သူ၏ အမြင်အာရုံက ရုတ်တရက် ဝေဝါးသွားသည်။ ထို့နောက် ကျောက်သားဖြင့် ပြုလုပ်ထားသော အနက်ရောင် သရုပ်ဖော် လက်စွဲစာအုပ်တစ်အုပ်က သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။
သူသည်... ဒုတိယမြောက် သားရဲယဉ်ပါးမှု အရည်အချင်းကို နိုးထလာခဲ့ပုံ ရသည်!
—-