အခန်း (၉၄) - ထူးချွန်ကျောင်းသား ပျိုးထောင်ခြင်း ၁.၀
"ရှုမ်းယန်... နင် ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ"
ပထမထပ် ဧည့်ခန်းမထဲတွင် လော့ချီသည် မျက်မှောင်ကြုတ်လျက် လူသားမျိုးနွယ်မှ အထက်တန်းကျောင်းသူလေးနှစ်ဦး ဝင်လာသည်ကို တွေ့လိုက်ရသဖြင့် အတော်လေး အံ့အားသင့်သွားသည်။
"မမချီက ကိုယ်ပိုင်ဆိုင်ဖွင့်တယ်ဆိုလို့ ရှုမ်းယန်ကို လိုက်ပို့ခိုင်းပြီး လာကြည့်တာပါ။ ဆိုင်မန်နေဂျာ ဖြစ်လာတာ ဂုဏ်ယူပါတယ်နော်" ဟု မျက်လုံးလေးများ တောက်ပနေသော ရှောင်လင်က ဦးအောင် နှုတ်ဆက်လိုက်သည်။
ဘေးနားရှိ လော့ရှုမ်းယန်ကတော့ ဘာမှမတတ်နိုင်သလို ခေါင်းညိတ်ပြရှာသည်။
ရှောင်လင်သည် သူမ၏ အလယ်တန်းကျောင်းတုန်းက သူငယ်ချင်းဖြစ်သည်။ သို့သော် အထက်တန်းဝင်ခွင့်စာမေးပွဲပြီးနောက် သူတို့နှစ်ဦး ကျောင်းကွဲသွားကြသည်။ လော့ရှုမ်းယန်သည် မိသားစု စီးပွားရေးအခက်အခဲကြောင့် ကိုယ်ခံပညာသင်တန်းကြေး မတတ်နိုင်သဖြင့် သာမန်အထက်တန်းကျောင်းကိုသာ ရွေးချယ်ခဲ့ရသည်။ ထိုကျောင်းက အနည်းဆုံးတော့ ကိုယ်ခံပညာအတန်းအတွက် လစဉ်ထောက်ပံ့ကြေးပေးသဖြင့် သူမအနေဖြင့် ကိုယ်ခံပညာအတန်းတွင် မနည်းဆက်လက် ရပ်တည်နေနိုင်ခြင်းဖြစ်သည်။
ရှောင်လင်၏ မိဘများကတော့ မြို့ပြင်ရှိ ကုမ္ပဏီကြီးတစ်ခု၏ အဓိကအဖွဲ့ဝင်များဖြစ်သဖြင့် သူမတို့မိသားစုက ချမ်းသာကြသည်။ သူမ၏ အမှတ်ကောင်းမှုကြောင့် မြို့ပေါ်ရှိ ကိုယ်ခံပညာကိုသာ အဓိကထားသော နာမည်ကြီး အထက်တန်းကျောင်းဖြစ်သည့် 'အလင်းလိုက် အထက်တန်းကျောင်း' သို့ တက်ခွင့်ရခဲ့သည်။
ကျောင်းတက်ပြီးနောက်တွင်လည်း သူတို့နှစ်ဦးသည် မကြာခဏတွေ့ဆုံကာ ကိုယ်ခံပညာချင်း ယှဉ်ပြိုင်ကြပြီး စာမေးပွဲအတွက် အပြန်အလှန် ကူညီပေးလေ့ရှိကြသည်။ ယနေ့တွင်လည်း ထိုနည်းအတိုင်းပင်။ သူမ၏အစ်မ လော့ချီ ဆိုင်ဖွင့်သည်ဟု ပြောလိုက်မိသောအခါ ရှောင်လင်က မနေနိုင်ဘဲ သူမကို အတင်းလိုက်ပို့ခိုင်းခဲ့ခြင်းဖြစ်သည်။
"အေးအေး... လွတ်လွတ်လပ်လပ်သာ ကြည့်ကြပေါ့" လော့ချီက ပြန်လည်ကြိုဆိုရင်း "ငါတို့ဆိုင်မှာ အလုပ်သင်အဆင့် ကိုယ်ခံပညာတွေ သင်ပေးတဲ့အပြင် အရည်အသွေးမြင့် သွေးအဆီအနှစ်ဆန်တွေကိုလည်း ပြင်ပပေါက်ဈေးထက် တစ်ကီလိုကို ၁၀ ဘစ် လျှော့ရောင်းပေးနေတယ်။ နောက်ပိုင်းကျရင် လက်နက်နဲ့ အသုံးအဆောင်တွေလည်း တင်ဦးမှာ။ စိတ်ကြိုက်ဒီဇိုင်းတွေကိုလည်း မှာယူလို့ရမယ်၊ အရည်အသွေးကတော့ မြို့ပြင်မှာ ထိပ်တန်းဆယ်ခုစာရင်းဝင်အောင် ငါအာမခံတယ်"
"တကယ်လား... နောက်ဆို မမချီဆီမှာ ပစ္စည်းတွေ စိတ်ကြိုက်မှာလို့ ရမှာပေါ့" ရှောင်လင်၏ မျက်လုံးများ ဝင်းလက်သွားသည်။ "ဒါဆိုရင်တော့ သမီး သေချာပေါက် လာမှာပဲ။ မမချီလုပ်တဲ့ ပစ္စည်းတွေက မြို့ပြင်မှာ အကောင်းဆုံးဆိုတာ သမီးသိတာပေါ့။ ကျောင်းကဆရာက နောက်လ လက်တွေ့တိုက်ခိုက်ရေးလေ့ကျင့်ခန်းအတွက် A6 အဆင့် ချပ်ဝတ်တန်ဆာတစ်စုံ ပြင်ထားခိုင်းလို့ ဘယ်မှာဝယ်ရမလဲ စိတ်ပူနေတာ။ ပုံသေကားချပ်ဝတ်တွေကို သမီးက သိပ်မကြိုက်ဘူး၊ အခု မမချီရှိနေပြီဆိုတော့ စိတ်အေးသွားပြီ"
ရှောင်လင်၏ စကားကြောင့် ဘေးနားရှိ လော့ရှုမ်းယန်မှာ အားကျစိတ်လေး ဖြစ်သွားရသည်။
A6 အဆင့် ချပ်ဝတ်တန်ဆာဆိုသည်မှာ သာမန်အထက်တန်းကျောင်းသားများ စိတ်တောင်မကူးရဲသည့် အရာဖြစ်သည်။ ကိုယ်ပိုင် A4 အဆင့် ချပ်ဝတ်တစ်စုံ ရှိလျှင်ပင် တော်တော်ဟုတ်နေပြီဖြစ်ကာ အများစုမှာ ကျောင်းကပစ္စည်းကိုသာ ငှားသုံးကြရသည်။
သို့သော် အလင်းလိုက်အထက်တန်းကျောင်းက ကျောင်းသားများကို A6 အဆင့် ပြင်ဆင်ခိုင်းသည်ဆိုကတည်းက ကျောင်းနှစ်ကျောင်း၏ ကွာခြားချက်မှာ သိသာလှသည်။
"ပြဿနာမရှိဘူး... မင်းအတွက် အကောင်းဆုံးနဲ့ အဆင်ပြေဆုံး A6 အဆင့် ချပ်ဝတ်တစ်စုံကို မမချီ လုပ်ပေးမယ်" ဟု လော့ချီက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
ယခင်က နဂ္ဂနီကိုယ်ခံပညာခန်းမအတွက် B2 အဆင့် လက်နက်အမြောက်အမြား လုပ်ပေးခဲ့ရသဖြင့် သူမ၏ လက်မှုစွမ်းရည်မှာ သိသိသာသာ တိုးတက်လာခဲ့သည်။ ယခုဆိုလျှင် သူမအနေဖြင့် အဆင့်မြင့်စက်မှုပညာရှင် အရည်အချင်းစစ်စာမေးပွဲကိုပင် ဝင်ဖြေနိုင်လောက်ပြီဟု ယုံကြည်နေသည်။
လော့ချီ၏ အာမခံချက်ကြောင့် ရှောင်လင်နှင့် လော့ရှုမ်းယန်တို့သည် ဆိုင်ထဲတွင် လှည့်ပတ်ကြည့်ရှုကြသည်။
"ဒီဈေးနှုန်းတွေက... မမ ရူးသွားပြီလား" နဂ္ဂနီကိုယ်ခံပညာခန်းမ၏ သင်တန်းကြေးများကို ကြည့်ပြီး လော့ရှုမ်းယန် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
မြို့ပြင်တွင် အလုပ်သင်အဆင့် ကိုယ်ခံပညာသင်ပေးသည့်နေရာများစွာရှိပြီး ဈေးနှုန်းမှာလည်း အားလုံးသိထားကြသည့်အတိုင်းပင်။ တစ်နာရီ ၁၀၀၀ ဘစ်ဆိုသည်မှာ မြို့ပြင်တွင် လူအနည်းငယ်သာ ပေးနိုင်သည့် ဈေးဖြစ်သည်။ သို့သော် နဂ္ဂနီကိုယ်ခံပညာခန်းမကမူ အနည်းဆုံး တစ်နာရီကို ၂၀၀၀ ဘစ်မှ စတင်သတ်မှတ်ထားသည်။
ဒါက ကိုယ်ခံပညာသင်တန်းကျောင်းအမည်ခံပြီး ဓားပြတိုက်နေသလိုပင်။
"ဒါကတော့... ငါလည်း ဘာမှမတတ်နိုင်ဘူးလေ၊ သူဌေးသတ်မှတ်ထားတဲ့ စည်းကမ်းပဲ" ဟု လော့ချီက သက်ပြင်းချရင်း ပြောရှာသည်။
"ဈေးကတော့ နည်းနည်းကြီးသားပဲ" ရှောင်လင်သည် လော့ချီ၏ မျက်နှာပျက်နေသည်ကို မြင်သောအခါ အားပေးသည့်အနေဖြင့် "မမချီ... သမီး သင်တန်းတစ်ခု တက်ကြည့်ချင်တယ်"
"ရှောင်လင်... မလိုပါဘူးအေ။ နင် ငါ့ကို ကူညီချင်မှန်း သိပါတယ်၊ ဒါပေမဲ့ ဒီဈေးက တကယ်ကြီးလွန်းတယ်" ဟု လော့ချီက တားလိုက်သည်။
ရှောင်လင်သည် သူမကို အားပေးလို၍ သင်တန်းတက်ရန် ပြောနေခြင်းဖြစ်ကြောင်း လော့ချီ သိသည်။ သို့သော် သူမအနေဖြင့် ရှောင်လင်၏ပိုက်ဆံကို မဖြုန်းတီးစေချင်ပေ။ ထိုပိုက်ဆံဖြင့် အတွေ့အကြုံရှိသော ကိုယ်ခံပညာရှင်လောင်းတစ်ဦးကို ငှားရမ်းပြီး လမ်းညွှန်မှုခံယူခြင်းက ပို၍ ထိုက်တန်ပေလိမည်။
"မဟုတ်ဘူး မမချီ... သမီး တကယ်လည်း လက်သီးပညာတစ်ခု သင်ချင်နေတာ။ ဒီ 'ကျောက်ဖြိုလက်သီး' က အထက်တန်း ကိုယ်ခံပညာအတန်းရဲ့ အခြေခံလက်သီးပညာတွေထဲက တစ်ခုပဲ။ ဒီနေ့ ဒီမှာမသင်လည်း ကျောင်းမှာ ဆရာငှားသင်ရင် ဒီဈေးလောက်ပဲ ပေးရမှာ။ ကျောင်းက ကိုယ်ခံပညာဆရာတွေဆိုတာကလည်း ပြောရရင် သမီးတို့လိုလူက တန်းစီစောင့်နေရင်တောင် ဘယ်တော့ အလှည့်ရောက်မလဲ မသိဘူး။ အဲဒီအချိန်စောင့်နေမယ့်အစား တခြားတစ်ယောက်ဆီက ကြိုသင်ထားတာ ပိုကောင်းတယ်" ဟု ရှောင်လင်က ရှင်းပြသည်။
ရှောင်လင်အနေဖြင့် ကျောက်ဖြိုလက်သီးကို တကယ်ပင် သင်ယူရန် စီစဉ်ထားပြီးဖြစ်သည်။ အထက်တန်း ကိုယ်ခံပညာအတန်းသားတိုင်းသည် အနည်းဆုံး တိုက်ခိုက်ရေးပညာရပ်တစ်ခုကို ကျွမ်းကျင်ထားရမည်ဖြစ်သည်။ ယခု နဂ္ဂနီကိုယ်ခံပညာခန်းမတွင် ကျောက်ဖြိုလက်သီးကို သင်ပေးနေသဖြင့် သူမအတွက် အဆင်ပြေသွားသည်။ အလင်းလိုက် အထက်တန်းကျောင်းမှ ဆရာများသည် တကယ်ပင် အလွန်အလုပ်များကြသည်။
ကျောင်းသားများသာမက မြို့ပေါ်ရှိ မိသားစုကြီးများမှ ကလေးများကလည်း ထိုဆရာများနှင့် အဆက်အသွယ်လုပ်ကာ သင်ယူနေကြသဖြင့် သူတို့မှာ အားလပ်ချိန်မရှိသလောက်ပင်။
သူမကဲ့သို့ နောက်ခံမရှိသော ကျောင်းသူတစ်ဦးအဖို့ ပထမနှစ်ကုန်သည်အထိတောင် သင်ယူခွင့်ရရန် မသေချာပေ။ ထို့ကြောင့် ကျောင်းကဆရာများကို ပိုက်ဆံပေးမည့်အစား မမချီကို ကူညီလိုက်ခြင်းက ပို၍ အဓိပ္ပာယ်ရှိသည်ဟု သူမ တွေးလိုက်သည်။
"ကောင်းပြီလေ... ငါလည်း နင်နဲ့ လိုက်ခဲ့မယ်" လော့ချီသည် စိတ်မချသဖြင့် ရှောင်လင်နှင့်အတူ နဂ္ဂနီကိုယ်ခံပညာခန်းမသို့ လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။ "တကယ်လို့ သင်ပေးတာက ပေးရတဲ့ဈေးနဲ့ မတန်ဘူးဆိုရင် မမချီကပဲ နင့်အတွက် အဲဒီသင်တန်းကြေးကို ပြန်ပေးမယ်"
"မမချီရယ်... တကယ် မလိုပါဘူးဆို" လော့ချီက သူမ၏ဆိုင်ရှင်အပေါ် မယုံမကြည်ဖြစ်နေသည်ကို ကြည့်ပြီး ရှောင်လင်မှာ ဆိုင်ရှင်ကို သနားရမလို၊ ရယ်ရမလို ဖြစ်သွားသည်။
နဂ္ဂနီကိုယ်ခံပညာခန်းမ။
တစ်နာရီမပြည့်မီသော ခရီးကို ဖြတ်ကျော်ပြီးနောက် လော့ချီသည် ရှောင်လင်ကို ခန်းမ၏ လေ့ကျင့်ရေးကွင်းသို့ ခေါ်ဆောင်လာခဲ့သည်။
လေ့ကျင့်ရေးကွင်းထဲတွင် ကစားသမားအမြောက်အမြားသည် 'အသက်ရှူခြင်းအတတ်ပညာ' ကို လေ့ကျင့်နေကြသည်။ နှစ်မီတာကျော် မြင့်သော စက်ရုပ်လူသားတစ်ဦးကလည်း ကစားသမားတစ်ဦးချင်းစီကို စနစ်တကျ လမ်းညွှန်ပေးနေသည်။ အခြားတစ်ဖက်တွင်လည်း ကစားသမားများစွာသည် ကျောက်ဖြိုလက်သီးနှင့် သစ်ကျားသစ်ရိပ်ခြေလှမ်းများကို လေ့ကျင့်နေကြရာ ကြည့်ရသည်မှာ စနစ်ကျသော ကိုယ်ခံပညာခန်းမတစ်ခုနှင့် အတော်လေး တူလှသည်။
"မမချီ... ဒီခန်းမက မဆိုးဘူးပဲ၊ မမပြောသလို မဟုတ်ပါဘူး" ရှောင်လင်သည် ခန်းမ၏ ခမ်းနားထည်ဝါမှုကို ကြည့်ပြီး အံ့သြသွားသည်။ "ဒီခန်းမရဲ့ ပြင်ဆင်မှုက မြို့ပြင်က တခြားခန်းမတွေထက် အများကြီး သာပါတယ်"
လော့ချီ ဘာမှမပြောတော့ပေ။ အပြင်ပန်းကြည့်လျှင် သိပ်မထူးခြားသော်လည်း ခန်းမအတွင်းပိုင်း ပြင်ဆင်မှုကတော့ မြို့ပြင်ရှိ မည်သည့်ခန်းမနှင့်မဆို ယှဉ်နိုင်သည်မှာ အမှန်ပင်။
"ဧည့်သည်လာတာလား" လင်းချီသည် လော့ချီ လူခေါ်လာသည်ကို မြင်သဖြင့် လျှောက်လာပြီး မေးလိုက်သည်။
"ဟုတ်ကဲ့... ဒါက ကျွန်မညီမရဲ့ အတန်းဖော်၊ အလင်းလိုက် အထက်တန်းကျောင်းက ကျောင်းသူလေးပါ။ သူ ဒီနေ့ နဂ္ဂနီကိုယ်ခံပညာခန်းမမှာ ကျောက်ဖြိုလက်သီး သင်ကြည့်ချင်လို့ပါ" လော့ချီက ရှောင်လင်ကို ညွှန်ပြရင်း မိတ်ဆက်ပေးလိုက်သည်။ "ရှောင်လင်... ဒါက နဂ္ဂနီကိုယ်ခံပညာခန်းမရဲ့ ခန်းမသခင် လင်း ပါ"
"မင်္ဂလာပါ ခန်းမသခင်လင်း" ဟု ရှောင်လင်က ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ" လင်းချီသည် အလင်းလိုက်ကျောင်းယူနီဖောင်း ဝတ်ထားသော ရှောင်လင်ကို ကြည့်ပြီး မျက်လုံးများ ဝင်းလက်သွားသည်။ ဤကလေးမလေးသည် သူ သေချာဂရုစိုက်ရမည့် ဖောက်သည်ကြီးတစ်ဦးဖြစ်ကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။ ထို့နောက် သူက လေ့ကျင့်ရေးကွင်းထဲမှ ကစားသမားများကို လှမ်းကြည့်ကာ ပြောလိုက်သည်။ "ကျောက်ဖြိုလက်သီး သင်ပေးဖို့ အရည်အချင်းပြည့်မီတဲ့သူတွေ ရှေ့ထွက်ခဲ့"
လင်းချီ၏ စကားအဆုံးတွင် လေ့ကျင့်နေသော ကစားသမားရှစ်ဦးသည် ချက်ချင်း ရှေ့သို့ ထွက်လာကြသည်။ သူတို့အားလုံးသည် အခြေခံအလုပ်သင်အဆင့် စွမ်းအားရှိသူများ ဖြစ်ကြသည်။
"ရှောင်လင်... မင်း ကြိုက်တဲ့သူကို ရွေးပြီး သင်ယူနိုင်တယ်" လင်းချီက ဆက်ပြောသည်။ "သူတို့အားလုံးကို ခန်းမကနေ သေချာစစ်ဆေးထားတာမို့ သူတို့ရဲ့ သင်ကြားမှုအရည်အသွေးက အပြင်ကလူတွေထက် မနိမ့်ကျစေရဘူးလို့ အာမခံတယ်"
ရှေ့တွင်ရှိနေသော ကစားသမားရှစ်ဦးစလုံးသည် လေးရက်အတွင်း အခြေခံအလုပ်သင်အဆင့်သို့ ရောက်ရှိခဲ့သူများဖြစ်ပြီး ကျောက်ဖြိုလက်သီးကိုလည်း ကျွမ်းကျင်သောအဆင့်အထိ ရောက်နေသူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏ အရည်အချင်းမှာ သံသယဖြစ်ဖွယ်မရှိပေ။
"သမီးက ရွေးရမှာလား" ရှောင်လင် အံ့သြသွားသည်။
မြို့ပေါ်တွင်ဖြစ်စေ၊ မြို့ပြင်တွင်ဖြစ်စေ ကိုယ်ခံပညာသင်ယူရာ၌ ကျောင်းသားများအနေဖြင့် ဆရာကို ရွေးချယ်ခွင့်မရှိဘဲ ဆရာအားသည့်အချိန်ကိုသာ စောင့်ဆိုင်းကြရခြင်းဖြစ်သည်။ သို့သော် ယနေ့ နဂ္ဂနီကိုယ်ခံပညာခန်းမတွင်မူ ဆရာရှစ်ဦးအနက်မှ ကြိုက်နှစ်သက်ရာကို ရွေးချယ်ခွင့်ပေးထားခြင်းက သူမအတွက် အတွေ့အကြုံသစ်တစ်ခုပင်။
"ဟုတ်တယ်... ကြိုက်တဲ့သူကို ရွေးလိုက်ပါ" လင်းချီက ခေါင်းညိတ်ပြသည်။
လင်းချီ၏ စကားက ကစားသမားရှစ်ဦးအတွက် သူတို့၏ စွမ်းဆောင်ရည်ကို ထုတ်ပြရန် အချက်ပေးလိုက်ခြင်းပင်။ ဤ NPC ကျောင်းသူလေး၏ ရွေးချယ်မှုကို ခံရပါက အနည်းဆုံး ရမှတ် ၂၀၀၀ နှင့် အမှတ်ပေးဆု ၁၀၀ ရရှိမည်မဟုတ်ပါလား။
ချက်ချင်းဆိုသလိုပင် ရှစ်ဦးစလုံးသည် သူတို့၏ အသက်သွေးကြွမှုကို ထုတ်ဖော်ပြသလိုက်ကြသည်။ အခြေခံအလုပ်သင်အဆင့်သာ ရှိသေးသော ရှောင်လင်မှာ သူတို့၏ အရှိန်အဝါကြောင့် အသက်ရှူပင် အနည်းငယ် ကျပ်သွားရပြီး ဤလူရှစ်ဦးစလုံးမှာ တကယ်ပင် ထူးချွန်သူများဖြစ်ကြောင်း နားလည်သွားသည်။
"ဒါဆိုရင်... သမီး ဒီအမကိုပဲ ရွေးပါ့မယ်" ရှောင်လင်သည် အဖွဲ့ထဲတွင် အထင်ရှားဆုံးဖြစ်သော ချန်ယားကို လက်ညှိုးညွှန်ပြလိုက်လေသည်။