အခန်း ၈၁ - အစွမ်းပြခြင်း
“တကယ့်ကို လွှမ်းမိုးနိုင်စွမ်းရှိတာပဲ!”
“အရမ်းချောတာပဲ! ငါတို့ ခန်းမသခင်ဆိုတော့လည်း ဒီလိုပဲဖြစ်ရမှာပေါ့! သူက ငါ့ရဲ့ အိုင်ဒေါပဲ!”
“ရှယ်ယာ ခြောက်ဆယ်ရာခိုင်နှုန်းကို ပိုင်ဆိုင်ရမယ်ဆိုတော့... အခုကစပြီး လမင်းနီတောင်ဟာ ငါတို့ပိုင်နက် ဖြစ်သွားပြီပေါ့ ဟုတ်လား။”
ထိုနေရာရှိ ကစားသမားများသည် လင်းချီ၏ စကားကို နားထောင်ပြီးနောက် အားကျလေးစားသော အကြည့်များဖြင့် ကြည့်နေကြသည်။ လင်းချီသည် ဂိမ်းဖန်တီးသူများ သတ်မှတ်ထားသည့်အတိုင်း ဤဂိမ်းတွင် အင်အားအကောင်းဆုံး NPC ဖြစ်ရန် ထိုက်တန်သည်ဟု သူတို့ ခံစားနေရပြီး အခြားသော NPC များကိုမူ လုံးဝ ဂရုမစိုက်ကြပေ။
တစ်ဖက်တွင်လည်း ‘နတ်ဘုရားများ၏ နေဝင်ချိန်’ အဖွဲ့မှ ဝါရင့်ကစားသမားများသည် လင်းချီပြောခဲ့သော ရှယ်ယာ ခြောက်ဆယ်ရာခိုင်နှုန်းအပေါ် ပိုမိုအာရုံစိုက်နေကြပြီး သူတို့၏မျက်နှာတွင် စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်မထားနိုင်ကြပေ။
အကယ်၍ လမင်းနီတောင်၏ ပိုင်ဆိုင်မှုမှာ ရှယ်ယာအပေါ်တွင် အခြေခံသည်ဆိုပါက ရှယ်ယာ ခြောက်ဆယ်ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည့် ‘နက်မှောင်သော ကျောက်စိမ်း ကိုယ်ခံပညာခန်းမ’ သည် လမင်းနီတောင်၏ အုပ်ချုပ်သူ ဖြစ်လာမည်မှာ သေချာသည်။ ဆိုလိုသည်မှာ ဤနေရာသည် ကစားသမားများအတွက် လှုပ်ရှားမှုနယ်မြေအသစ် ဖြစ်လာနိုင်သည်ဟူသောအချက်ပင်။
ရောက်ရှိနေသူ အများအပြားမှာ ‘ဝက်ဝံခိုးရောင် သတ္တုတွင်း’ သို့ ရောက်ဖူးကြသော်လည်း ထိုနေရာမှာ နယ်မြေအသစ်ထက်စာလျှင် မစ်ရှင်လုပ်ဆောင်ရသည့် နေရာတစ်ခုနှင့်သာ တူညီကြောင်း သူတို့ သိကြသည်။ သူတို့ ထိုနေရာသို့ သွားနိုင်သော်လည်း အခြေချနေထိုင်ခြင်း သို့မဟုတ် နယ်မြေချဲ့ထွင်ခြင်းများ ပြုလုပ်၍မရပေ။
ကစားသမားများအတွက် အမှန်တကယ် လွတ်လပ်စွာ လှုပ်ရှားနိုင်သည့် ဧရိယာမှာ ‘နက်မှောင်သော ကျောက်စိမ်း ကိုယ်ခံပညာခန်းမ’ ၏ အတိုင်းအတာအတွင်း၌သာ ရှိသေးသည်။
ယခုမှာ စမ်းသပ်ကာလသာ ဖြစ်သောကြောင့် ကစားသမားနည်းပါးပြီး ဖွင့်လှစ်ထားသည့် နေရာများလည်း ကန့်သတ်ထားသည်ကို ကစားသမားများ နားလည်ကြသည်။ ကစားခွင့်ရသည်မှာပင် သူတို့အတွက် လုံလောက်နေပြီ ဖြစ်သည်။ သို့သော် ကစားသမားအရေအတွက် ခုနစ်ဆယ်အထိ ရှိလာချိန်တွင် ကိုယ်ခံပညာခန်းမအတွင်း၌သာ လှုပ်ရှားရသည်မှာ အနည်းငယ် ကျဉ်းမြောင်းလွန်းနေသည်။
ယခုမူ လင်းချီ၏ စကားတစ်ခွန်းကြောင့် ဂိမ်းဖန်တီးသူများသည် ကစားနိုင်သည့် နယ်မြေကို လမင်းနီတောင်အထိ ချဲ့ထွင်ရန် စီစဉ်နေပြီဖြစ်ကြောင်း ဝါရင့်ကစားသမားများ ရိပ်မိသွားကြပြီး မပြုံးဘဲ မနေနိုင်ကြတော့ပေ။
ကစားသမားများ စိတ်လှုပ်ရှား ပျော်ရွှင်နေကြသော်လည်း စင်မြင့်အောက်ရှိ ဂိုဏ်းပေါင်းစုံနှင့် လေလွင့်သောင်းကျန်းသူများမှာမူ လင်းချီကို ပါးစပ်အဟောင်းသား ကြည့်ရင်း တိတ်ဆိတ်ငြိမ်သက်နေကြသည်။
“ဒီ ဝတ်ရုံခိုးဂိုဏ်းက လူတွေ ရူးနေတာလား။”
“အရင်တုန်းက အမွှေးအတောင်ဖြူဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ် ဂါနာကို သတ်ခဲ့တာတောင် ရူးသွပ်လွန်းလှပြီ။ အခုကျတော့ ဒီလူတွေက စာကလေးပြာဂိုဏ်းကိုတောင် ထည့်မတွက်တော့ဘူး၊ ပိုတောင် ရူးနေကြသေးတယ်။”
“ဝတ်ရုံခိုးဂိုဏ်းရဲ့ ခေါင်းဆောင်က တကယ့်ကို သတ္တိခဲကြီးပဲလား။ အဲဒါ တောရိုင်းနယ်မြေရဲ့ ထိပ်တန်း အဆင့် ၃၀ ထဲမှာရှိတဲ့ ဂိုဏ်းကြီးနှစ်ခုလေ။”
အဆင့် ၁၀ အတွင်း ရှိနိုင်သည့် အမွှေးအတောင်ဖြူဂိုဏ်း တစ်ခုတည်းကပင် ဝတ်ရုံခိုးဂိုဏ်းကို အမှုန့်ခြေပစ်ရန် လုံလောက်နေပြီ ဖြစ်သည်။ ယခုမူ သူတို့သည် အဆင့် ၃၀ အတွင်းရှိ စာကလေးပြာဂိုဏ်းကိုပါ လူပုံအလယ်တွင် လျစ်လျူရှုလိုက်ကြသည်။ အခြားသော ထိပ်တန်းဂိုဏ်းချုပ်များပင်လျှင် ထိုကဲ့သို့သော သတ္တိမျိုး ရှိချင်မှ ရှိလိမ့်မည်။
သို့သော် အံ့ဩစရာအကောင်းဆုံးမှာ ခေါင်းဆောင် လင်းချီ တစ်ယောက်တည်း မဟုတ်ပေ။ ဝတ်ရုံခိုးဂိုဏ်း၏ အဖွဲ့ဝင်များမှာလည်း လူရူးများကဲ့သို့ပင်။ လင်းချီ၏ စကားများမှာ မည်မျှ အန္တရာယ်ကြီးကြောင်း သူတို့ မသိသယောင်၊ တစ်ယောက်ထက်တစ်ယောက် ပို၍ စိတ်လှုပ်ရှားနေကြပြီး သေခြင်းတရားကို နားမလည်သည့်အလား ပြုမူနေကြသည်။
“လူငယ်... မင်း ဘာကို ဆိုလိုတာလဲ။” ဗာလော့ဒ်က မျက်နှာပျက်ပျက်ဖြင့် မေးလိုက်သည်။ လင်းချီက စာကလေးပြာဂိုဏ်းကို အလေးမထားသကဲ့သို့ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
အမွှေးအတောင်ဖြူဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ်ကို သတ်လိုက်ရုံဖြင့် အညတရ ဝတ်ရုံခိုးဂိုဏ်းလေးမှာ မာန်တက်ပြီး သေတွင်းထဲ ခြေစုံပစ်ဝင်နေသည်ဟု သူ ထင်လိုက်သည်။
“ကျွန်တော် ဘာဆိုလိုတာလဲ ဟုတ်လား။” လင်းချီက အေးစက်စွာ ပြုံးလိုက်ပြီး “ပူးပေါင်းဆောင်ရွက်မှုဆိုတာ တစ်သမတ်တည်း ရှိရမယ်။ သဘောတူညီချက်တစ်ခု လုပ်ပြီးရင် အတားအဆီးတွေ ရှိလာတာနဲ့ ရုတ်တရက် ဖျက်ဆီးပစ်လို့ မရဘူး။ ခင်ဗျားတို့ဘက်က ကတိဖျက်ရင် အဲဒါ ကျွန်တော်တို့ ပြဿနာလား။ ဂိုဏ်းချုပ် ဗာလော့ဒ်... ကျွန်တော်တို့ ဒီအတွက် ဘယ်လောက် ပြင်ဆင်ခဲ့ရသလဲ၊ စာချုပ်ချုပ်ဖို့ ဘယ်လောက် စိတ်ပိုင်းဖြတ်ခဲ့သလဲဆိုတာကို ခင်ဗျား ထည့်စဉ်းစားခဲ့ရဲ့လား။”
“ကျွန်တော့်လူတွေကို ဒီအထိ ခေါ်လာခဲ့ပြီးမှ ခင်ဗျားက လွယ်လွယ်လေးနဲ့ ပယ်ချလိုက်တယ်။ ကျွန်တော်တို့ကို ဘာမှတ်နေတာလဲ။ ဂိုဏ်းချုပ် ဗာလော့ဒ်... ခင်ဗျား ကျွန်တော်တို့ကို တကယ် မလေးစားတာပဲ။ အကယ်၍ ဒါဟာ ထိပ်တန်း အဆင့် ၁၀ ဂိုဏ်းတစ်ခု ဒါမှမဟုတ် မြို့ပြင်က ဂိုဏ်းကြီးတစ်ခုဆိုရင် ခင်ဗျား ဒီလို လုပ်ရဲပါ့မလား။”
လင်းချီ၏ မေးခွန်းများကြောင့် ဗာလော့ဒ် ခဏတာ ဆွံ့အသွားသည်။ လင်းချီ ပြောသကဲ့သို့ပင်၊ အကယ်၍ ဤကိစ္စတွင် မြို့ပြင်မှ အင်အားကြီးဂိုဏ်းတစ်ခု ပါဝင်နေပါက သူသည် ထိုဂိုဏ်းကိုယ်စား ဆုံးဖြတ်ချက်ချရန် သတ္တိရှိမည်မဟုတ်ပေ။
လင်းချီ ပြောသလိုပင် သူသည် ဝတ်ရုံခိုးဂိုဏ်းငယ်လေးကို ဘယ်တုန်းကမှ အလေးမထားခဲ့ဖူးချေ။ သူတို့နှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်းမှာပင် သူတို့အတွက် ကောင်းချီးတစ်ခု ဖြစ်သည်ဟု သူ ထင်မြင်ခဲ့သည်။ သူတို့က မည်သည့်ဂုဏ်ဒြပ်နှင့် သူ့ကို ရင်ပေါင်တန်းချင်နေကြသနည်း။
“ကောင်းပြီ... ကောင်းပြီ! လူဟောင်းတွေနေရာမှာ လူသစ်တွေ အစားထိုးလာတာပဲ။ ဒီလောက် မာန်တက်တဲ့ ကောင်လေးမျိုးကို လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က ဂန္ထဝင်ပုဂ္ဂိုလ်တွေမှာပဲ ငါ တွေ့ဖူးတယ်။ မင်းရဲ့ အနာဂတ်က အညတရအဖြစ် ပြီးဆုံးမလား ဒါမှမဟုတ် ဂန္ထဝင် ဖြစ်လာမလားဆိုတာပဲ ငါ စောင့်ကြည့်တော့မယ်။” ဗာလော့ဒ်က လှောင်ပြောင်သလို ရယ်မောလိုက်ပြီး “ငါကိုယ်တိုင်တော့ ဒီနေ့ သေခြင်းတရား တိုက်ပွဲကနေ နုတ်ထွက်တယ်။ မင်းက တာဝန်ယူချင်တယ်ဆိုတော့လည်း စာကလေးပြာဂိုဏ်းက ကတိမဖျက်ပါဘူး။”
“ငါတို့ဘက်က ကျွမ်းကျင်သူ ဆယ်ယောက်ကိုတော့ ဆက်လွှတ်ပေးမယ်။ အကယ်၍ ဝံပုလွေဆိုးဂိုဏ်းက ဆယ်ယောက်က မပါချင်ဘူးဆိုရင် စာကလေးပြာဂိုဏ်းက အယောက်နှစ်ဆယ် စေလွှတ်ပေးမယ်။ ခန်းမသခင် လင်းချီ တစ်ယောက် နောင်တမရဖို့ပဲ ငါ မျှော်လင့်ပါတယ်။”
ဗာလော့ဒ်၏ ဟိန်းဟောက်သံက တစ်ကွင်းလုံး ပျံ့နှံ့သွားပြီး လူတိုင်း အံ့အားသင့်သွားကြသည်။
“ဗာလော့ဒ်က တကယ်ပဲ အလျှော့ပေးလိုက်တာလား!”
“ဂိုဏ်းကြီးတစ်ခုရဲ့ ခေါင်းဆောင်ဆိုတော့လည်း ကတိတည်တာပဲ။ ဒါပေမဲ့ ဝတ်ရုံခိုးဂိုဏ်းကတော့ တော်တော် မာန်တက်နေတာပဲ။ ကိုယ်ခံပညာရှင်အဆင့်နီးပါး တစ်ယောက်ကို သတ်နိုင်ရုံနဲ့ ထိပ်တန်း အဆင့် ၃၀ ဂိုဏ်းနဲ့ ယှဉ်ပြိုင်နိုင်ပြီလို့ ထင်နေတာလား။”
“သူတို့က အမွှေးအတောင်ဖြူဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ်ကို သတ်ထားပြီးသားဆိုတော့ ရင်ဆိုင်ရမှာက မလွဲမသွေပဲလေ။ အဲဒီတော့ နောက်မှ အသတ်ခံရမယ့်အစား ဒီနေ့ပဲ အသေအလဲ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပုံရတယ်။”
“ဝတ်ရုံခိုးဂိုဏ်းကလူတွေ ဘာလို့ စိတ်လှုပ်ရှားနေလဲဆိုတာ မဆန်းတော့ဘူး။ မသေခင် နာမည်တစ်လုံး ကျန်ခဲ့အောင် လုပ်မလို့ကိုး။”
“ဒါပေမဲ့ သူတို့ရဲ့ သတ္တိကိုတော့ ချီးကျူးရမယ်။ ဒီနေ့ခေတ်မှာ အမွှေးအတောင်ဖြူဂိုဏ်းကို အန်တုရဲတဲ့သူက သိပ်ရှိတာ မဟုတ်ဘူး။”
စာကလေးပြာဂိုဏ်းကို လင်းချီ စည်းရုံးနိုင်ခဲ့ခြင်းအတွက် လူများမှာ အံ့အားသင့်နေကြသလို ဝတ်ရုံခိုးဂိုဏ်း၏ အသေခံတိုက်ပွဲဝင်မည့် စိတ်ဓာတ်ကိုလည်း ရိပ်မိသွားကြသည်။ ဗာလော့ဒ်ကလည်း ရှင်းရှင်းလင်းလင်း ပြောထားပြီးသား ဖြစ်သည်။
ဝတ်ရုံခိုးဂိုဏ်းမှာ ပျောက်ကွယ်သွားမည့် အညတရ ဖြစ်မလား၊ ဂန္ထဝင် ဖြစ်လာမလားဆိုသည်မှာ ယနေ့တိုက်ပွဲအပေါ်တွင်သာ မူတည်သည်။
“ကောင်းပြီ! မင်းတို့ ဝတ်ရုံခိုးဂိုဏ်းက သေချင်နေမှတော့ ငါ ဖြည့်ဆည်းပေးရတာပေါ့!” အမွှေးအတောင်ဖြူဂိုဏ်းချုပ် အိုင်းဇက်က လင်းချီကို ကြည့်ကာ မထီမဲ့မြင် ပြုံးလိုက်ပြီး “အတော်ပဲ... ပူရာရဲ့ တပည့်ကလည်း ဒီမှာ သက်သေအဖြစ် ရှိနေတာဆိုတော့။”
မူလက အိုင်းဇက်သည် သေခြင်းတရား တိုက်ပွဲအပြီးမှ ဝတ်ရုံခိုးဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းရန် စီစဉ်ထားသော်လည်း ယခုမူ ဝတ်ရုံခိုးဂိုဏ်းက သေတွင်းထဲ အတင်းတိုးဝင်နေသဖြင့် အမွှေးအတောင်ဖြူဂိုဏ်းကို ဆန့်ကျင်လျှင် မည်သို့ဖြစ်မည်ကို အခြားဂိုဏ်းများရှေ့တွင် ပြသရန် ဆုံးဖြတ်လိုက်သည်။
“ပြီးရင်လည်း အမြန်စကြ။ ငါ့အချိန်တွေကို မဖြုန်းနဲ့။”
စင်မြင့်ပေါ်တွင် မြင့်မြတ်စွာ ထိုင်နေသော ‘တောင်ပံမျိုးနွယ်စု’ မှ လူငယ်တစ်ဦးက မျက်လုံးမှိတ် ကျင့်ကြံနေရင်းမှ လက်ဝေ့ယမ်းကာ ပြောလိုက်သည်။ သူသည် ဤကိစ္စများကို လုံးဝ စိတ်ဝင်စားပုံမရပေ။
ထိုလူငယ်၏ မောက်မာသော အမူအရာက ဂိုဏ်းချုပ်များစွာကို ဒေါသထွက်စေသော်လည်း မည်သူမျှ တစ်ခွန်းမှ မဟရဲဘဲ ရိုသေစွာသာ ရှိနေကြသည်။
‘ပူရာ’ ဟူသည်မှာ တောင်ပံမျိုးနွယ်စုအတွင်း ဂန္ထဝင်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး အသက် ၄၂ နှစ်တွင် ကိုယ်ခံပညာရှင်အဆင့်သို့ ရောက်ရှိခဲ့သူ ဖြစ်သည်။ သူသည် ဂိုဏ်းမထောင်သော်လည်း သူ၏ ကိုယ်ခံပညာခန်းမမှ တပည့်များစွာကို မွေးထုတ်ပေးခဲ့ပြီး ကိုယ်ခံပညာရှင်အဆင့် တပည့်နှစ်ဦးပင် ထွက်ပေါ်ခဲ့သည်။ ထို့ကြောင့် မြို့ပြအင်အားစုများကပင် သူ့ကို နည်းပြအဖြစ် သီးသန့် ငှားရမ်းကြရသဖြင့် မြို့ပြင်နယ်မြေတွင် သြဇာကြီးမားသူဖြစ်သည်။
စင်ပေါ်ရှိ လူငယ်မှာ ပူရာ၏ ဂုဏ်ယူရသော တိုက်ရိုက်တပည့် ‘အက်ဒီလေး’ ဖြစ်သည်။
အသက် ၂၀ ပင် မပြည့်သေးသော်လည်း ကိုယ်ခံပညာရှင်အဆင့်နီးပါးသို့ ရောက်နေပြီဖြစ်သည်။ အသက် ၂၅ နှစ်မတိုင်မီ ကိုယ်ခံပညာရှင် ဖြစ်လာနိုင်ခြေရှိသဖြင့် သူသည် တောင်ပံမျိုးနွယ်စု၏ မျိုးဆက်သစ် ပါရမီရှင် ဖြစ်လာမည်ဖြစ်ပြီး ‘လင်းရောင်ခြည်မြို့တော်’ တွင် သူ၏ ဆရာထက်ပင် ကျော်ကြားလာနိုင်သူဖြစ်သည်။
အက်ဒီလေး၏ အမိန့်ပေးသံနှင့်အတူ သေခြင်းတရား တိုက်ပွဲကို တရားဝင် စတင်လိုက်ပြီဖြစ်သည်။
“ဦးလေး... ဝံပုလွေဆိုးဂိုဏ်းက လူမလွှတ်ချင်ဘူးဆိုရင် ကျွန်တော့်ကို သွားခွင့်ပြုပါ” ဟု ဖလူးအိုက တောင်းဆိုလိုက်သည်။ “ဝတ်ရုံခိုးဂိုဏ်းနဲ့ ပူးပေါင်းဖို့က ကျွန်တော့်အကြံ ဖြစ်ခဲ့တာဆိုတော့ ကျွန်တော် တာဝန်ယူသင့်ပါတယ်။”
“မိုက်မဲတဲ့ ကောင်လေး... မင်း ဒုက္ခမရောက်အောင်လို့ ငါက တိုက်ပွဲကနေ နုတ်ထွက်လိုက်တာကို မင်းက အဲဒီ ဝတ်ရုံခိုးဂိုဏ်းကို သွားကူချင်နေသေးတယ်ပေါ့။” ဗာလော့ဒ်က သူ၏ တူဖြစ်သူကို တာဝန်သိတတ်မှုအတွက် ဂုဏ်ယူသော်လည်း မဆူဘဲ မနေနိုင်ပေ။ “ဝတ်ရုံခိုးဂိုဏ်းက လူတွေက သေဖို့ သေချာနေပြီ။ သူတို့နဲ့ လိုက်သွားတာက သေတွင်းထဲ ဆင်းတာနဲ့ အတူတူပဲ။ သူတို့ ငါတို့ရဲ့ ဆုံးရှုံးမှုကို လျှော့ချပေးခဲ့ပေမဲ့ နောက်ဆိုရင် အဲဒီလို လူရူးတွေနဲ့ ဝေးဝေးနေစမ်း။”
ဖလူးအို တစ်ခုခု ထပ်ပြောချင်သော်လည်း ဗာလော့ဒ်၏ တင်းမာသော မျက်နှာကို မြင်သောအခါ လက်လျှော့လိုက်ရသည်။
ဝတ်ရုံခိုးဂိုဏ်းနှင့် ‘မီးလျှံဂိုဏ်း’ ကြားက ဆက်ဆံရေးကိုသာ ထုတ်ပြောလိုက်လျှင် သူ၏ ဦးလေးက သဘောတူမည်မှာ သေချာသော်လည်း ထိုသို့လုပ်ခြင်းက ဂိုဏ်းနှစ်ခုကြား ပတ်သက်မှုကို လူသိရှင်ကြား ဖြစ်သွားစေမည်ဖြစ်သည်။ ဗာလော့ဒ်နှင့် ဝတ်ရုံခိုးဂိုဏ်းတို့ အဆင်မပြေဖြစ်နေချိန်တွင် သူတို့ဘက်မှ ကျွမ်းကျင်သူများစွာ လွှတ်ပေးလိုက်ခြင်းက အခြားသူများ၏ သံသယကို ဖြစ်ပေါ်စေလိမ့်မည်။
တိုက်ပွဲ စတင်ကြောင်း ကြေညာပြီး ဆယ်မိနစ်အတွင်း နှစ်ဖက်စလုံးမှ ကျွမ်းကျင်သူ ငါးဆယ်စီသည် လမင်းနီတောင်ပေါ်ရှိ သံဆူးကြိုးများ ခတ်ထားသော ကွင်းအတွင်း စုဝေးရောက်ရှိလာကြသည်။ ထိုကွင်းမှာ အားကစားကွင်း နှစ်ကွင်းစာခန့် ကျယ်ဝန်းပြီး တစ်ဖက်လျှင် ဧရိယာတစ်ခုစီ ယူထားကြသည်။
“စတင်စေ!”
အပေါ်စီးမှ စောင့်ကြည့်နေသော ဒရုန်းမှ အချက်ပေးသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အမွှေးအတောင်ဖြူဂိုဏ်းသားများနှင့် ‘နက်မှောင်သော ကျောက်စိမ်း ကိုယ်ခံပညာခန်းမ’ မှ ကစားသမားများသည် တစ်ဖက်နှင့်တစ်ဖက် အရူးအမူး ပြေးဝင်တိုက်ခိုက်ကြလေတော့သည်။