အခန်း ၁ - နိုးထခြင်း
ခန်းမဆောင်အဖြူကြီးထဲတွင် မျှော်လင့်ချက်ရောင်ခြည်များဖြင့် လေးလံထိုင်းမှိုင်းနေပြီး အသက် ၁၅ နှစ်မှ ၂၅ နှစ်ကြား လူငယ်အများအပြား ထိုနေရာတွင် ရပ်နေကြသည်။ တချို့က လာမည့်အရာအတွက် ရင်ခုန်စိတ်လှုပ်ရှားနေကြပြီး တချို့ကတော့ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေကာ အချင်းချင်း စကားပြောဆိုနေကြသည်။
ဘယ်ဘက်ထိပ်ရှိ တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် လူတိုင်းက တံခါးဆီသို့ လှမ်းကြည့်လိုက်ကြသည်။ အရပ်ရှည်ရှည်နှင့် ကြွက်သားအဖုအထစ်များဖြင့် ကျစ်လျစ်သန်မာသော အမျိုးသားတစ်ဦး လမ်းလျှောက်ဝင်လာသည်။ သူဝတ်ဆင်ထားသော လည်ည်အင်္ကျီကျပ်ကျပ်၏ အောက်မှ သူ၏ ကြွက်သားများမှာ မောက်ကြွနေသည်။ သူသည် စစ်ဘောင်းဘီရှည်နှင့် ဘွတ်ဖိနပ်များကို ဝတ်ဆင်ထားပြီး သူ၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံမှာ အမှန်တကယ်ပင် ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။ ယောကျ်ားလေးများအတွက် အိပ်မက်တစ်ခုဖြစ်ပြီး မိန်းကလေးများအတွက် စိတ်ကူးယဉ်ပုံရိပ်တစ်ခု ဖြစ်သည်။ ပို၍ ဆိုးသည်မှာ သူသည် ဆွဲဆောင်မှုရှိသော ဆံပင်ဖြူနှင့် မျက်လုံးပြာများကိုပါ ပိုင်ဆိုင်ထားခြင်းပင် ဖြစ်သည်။
သို့သော် ထိုမျှ ကြည့်ကောင်းနေသော်လည်း သူသည် လေးနက်ပြီး စူးရှသော အရှိန်အဝါတစ်ခုကို သယ်ဆောင်လာသည်။ သူဝင်လာသည့် ခဏ၌ပင် လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်နိုင်ပြီး ဆူညံသံများမှာ တိုးသွားရာမှ လုံးဝတိတ်ဆိတ်သွားတော့သည်။
"အဲ့ဒါ ဗိုလ်မှူး အဲလက်စ်ပဲ" ကောင်လေးတစ်ယောက်က သူ့သူငယ်ချင်းကို ပြောလိုက်သည်။
"ဗိုလ်မှူး အဲလက်စ်? ဝိုး... သူက လွန်ခဲ့တဲ့ ဆယ်နှစ်က စမ်းသပ်မှုကို အသက်ရှင် ကျော်ဖြတ်နိုင်ခဲ့တဲ့သူတွေထဲက တစ်ယောက်မဟုတ်လား" သူငယ်ချင်းဖြစ်သူက ပြန်ပြောသည်။
"ဟုတ်တယ်... သူက စစ်သည်တော်တစ်ယောက်ဖြစ်ပြီး ဒီနေ့ခေတ်ရဲ့ ထိပ်တန်းတွေထဲက တစ်ယောက်လို့ ငါကြားဖူးတယ်"
"ဒီနေ့ မင်းတို့အားလုံး စွမ်းအားနိုးထခြင်းကို ခံယူကြရမယ်။ နတ်ဘုရား စမ်းသပ်မှုထဲကို ခြေမချခင် ဒီနေ့မှာပဲ မင်းတို့ ဘယ်လိုစွမ်းအားမျိုး ပိုင်ဆိုင်ထားလဲဆိုတာ သိရလိမ့်မယ်" သူ၏ အသံသည် လူတစ်ထောင်ကျော်ရှိသော အခန်းကို ဖြတ်သန်းသွားပြီး လူတစ်ဦးချင်းစီတိုင်းဆီသို့ ရောက်ရှိသွားသည်။
ထိုအထဲတွင် နောက်ဘက်၌ ရပ်နေသော အသက် ၁၈ နှစ်အရွယ် လူငယ်လေး အာရန်လည်း ပါဝင်သည်။ သူသည် အရပ်ရှည်ပြီး ဆံပင်နက်ကာ ယေဘုယျအားဖြင့် ရုပ်ရည်သန့်ပြန့်သော်လည်း ကိုင်းနေသော ကိုယ်နေဟန်ထားနှင့် ချိုင့်ဝင်နေသော မျက်လုံးများကြောင့် လူမမာတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
အာရန်သည် ဤကမ္ဘာမှ မဟုတ်ပေ။ သူသည် ကမ္ဘာမြေ (Earth) ဟု ခေါ်သော အခြားကမ္ဘာတစ်ခုမှ လာခြင်းဖြစ်သည်။ ပေးနေကျ ငွေကြေးကို မပေးနိုင်တော့သည့်အတွက် ရပ်ကွက်လူမိုက်ဂိုဏ်း၏ ဝိုင်းဝန်းရိုက်နှက်ခြင်းကို ခံခဲ့ရပြီးနောက် ဤနေရာသို့ ရောက်လာခြင်းဖြစ်သည်။ ထိုလူမိုက်များသည် သူ့လို စုတ်ပြတ်သတ်သည့် နေရာတွင် နေထိုင်သူများထံမှ အမြဲတမ်း ငွေညှစ်လေ့ရှိသော်လည်း ထိုညက သူ့တွင် ဘာမှ မရှိတော့သည့်အတွက် ပြင်းထန်စွာ ရိုက်နှက်ခံခဲ့ရပြီး နောက်ဆုံးတွင် သေဆုံးခဲ့ရသည်။
ထိုအဖြစ်အပျက်မှာ လွန်ခဲ့သော တစ်လက ဖြစ်သည်။ သူသေဆုံးပြီးနောက် ပင်ပန်းလွန်းအားကြီး၍ သေဆုံးသွားသော အသက် ၁၈ နှစ်အရွယ် ပစ္စည်းပို့သမားလေးတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ပြန်လည်နိုးထလာခဲ့သည်။ သူ စရောက်ကာစက ဇဝေဇဝါဖြစ်ခဲ့ရသော်လည်း ရက်အနည်းငယ်အကြာတွင် ဤအရာသည် သူ၏ ဘဝအမှန်တရားအသစ်ဖြစ်ကြောင်းနှင့် တူသယောင်ယောင်ရှိသော်လည်း ထူးဆန်းနေသော ဤကမ္ဘာသည် သူလာခဲ့သော ကမ္ဘာနှင့် မတူကြောင်းကို သဘောပေါက်လာခဲ့သည်။
ဤကမ္ဘာကြီးသည် အချိန်ကိုက်ဗုံးတစ်ခုပေါ်တွင် နေထိုင်နေရသကဲ့သို့ ဖြစ်နေပြီး ဆယ်နှစ်တစ်ကြိမ် "နတ်ဘုရား စမ်းသပ်မှု" စတင်ကြောင်း သူသိလာရသည်။ ထိုစမ်းသပ်မှုသည် ကမ္ဘာပျက်မတတ် ဖြစ်ရပ်တစ်ခုဖြစ်ပြီး အသက် ၁၅ နှစ်မှ ၂၀ ကြား လူတိုင်း စွမ်းအားနိုးထကာ သူတို့၏ ရှင်သန်ရပ်တည်မှုနှင့် ကမ္ဘာကြီး၏ ရှင်သန်မှုအတွက် တိုက်ခိုက်ရန် စမ်းသပ်ကွင်းပြင်ထဲသို့ ဝင်ရောက်ကြရသည်။
ရာစုနှစ်များစွာက ပထမဆုံး စမ်းသပ်မှု ဖြစ်ပေါ်ခဲ့သည်။ လူဦးရေထက်ဝက်နီးပါး သေကျေပျက်စီးခဲ့ရသော ကပ်ဘေးသင့် ဖြစ်ရပ်တစ်ခုနှင့် စတင်ခဲ့ပြီးနောက် မိမိကိုယ်ကို နတ်ဘုရားတမန်တော်ဟု ခေါ်ဆိုသော ဖြစ်တည်မှုတစ်ခုက စမ်းသပ်မှုများကို မိတ်ဆက်ပေးခဲ့သည်။ အကယ်၍ ဆယ်နှစ်တစ်ကြိမ် ကျရောက်မည့် နောက်ထပ်စမ်းသပ်မှုမတိုင်ခင် မည်သူကမျှ စမ်းသပ်မှုကို မအောင်မြင်ပါက ကမ္ဘာကြီးတစ်ခုလုံး အပြီးတိုင် မျိုးသုဉ်းပျောက်ကွယ်သွားမည်ဟု လူသားအားလုံးကို ပြောကြားခဲ့သည်။
ထိုအချိန်မှစ၍ ဆယ်စုနှစ်တစ်ခုပြီးတစ်ခု စမ်းသပ်မှုများ ဖြစ်ပေါ်လာခဲ့သည်။ လူတိုင်း စွမ်းအားနိုးထလာကြသော်လည်း အားလုံးကတော့ အသက်နှင့်ရင်းကာ သွားရောက်ရန် မရွေးချယ်ကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့နိုးထလာသည့် စွမ်းအားများက အားနည်းလွန်းသောကြောင့် ဖြစ်သည်။ သွားရောက်ယှဉ်ပြိုင်ကြသူများထဲမှ အနည်းဆုံး ကိုးဆယ်ရာခိုင်နှုန်းသည် စမ်းသပ်မှုမှ ဘယ်တော့မှ ပြန်မလာနိုင်ကြတော့ပေ။
သို့သော်လည်း ကြောက်စရာကောင်းသည်ဟု ထင်ရသော်ငြား စမ်းသပ်မှုများသည် လူငယ်တိုင်း မျှော်လင့်စောင့်စားနေသော အရာတစ်ခု ဖြစ်သည်။ ပြန်လာနိုင်သူများသည် ပိုမိုသန်မာလာကြပြီး စမ်းသပ်မှုတွင် မပါဝင်သည့်တိုင် စမ်းသပ်ကွင်းပြင်များသို့ ဝင်ရောက်နိုင်စွမ်း ရှိကြသည်။ တောင်များကို လက်သီးဖြင့် ထိုးခွဲနိုင်လောက်အောင် သန်မာလာခြင်း၊ ဆင့်ကဲပြောင်းလဲလာခြင်းတို့သည် လူအများ၏ အဆုံးစွန်သော ဆန္ဒဖြစ်ရာ မည်သူက မလိုချင်ဘဲ နေမည်နည်း။
သို့သော် အာရန်ကတော့ မလိုချင်ပါ။ သူသည် ဤအရာ၏ အစိတ်အပိုင်း မဖြစ်လိုပေ။ ဤနေရာသို့ မရောက်ခင် သူ၏ ဘဝသည် မှောင်မိုက်ပြီး ကြမ်းတမ်းခဲ့သည်။ အိမ်ဟု ခေါ်စရာနေရာမရှိသော မိဘမဲ့တစ်ဦးအဖြစ် မွေးစားဂေဟာများနှင့် လူတိုင်း၏ လက်ထဲတွင် နှိပ်စက်ခံခဲ့ရသည်။
ဤဘဝသစ်သည် ထွက်ပေါက်တစ်ခုဖြစ်သည်။ အစားအသောက်ပို့ခြင်း၊ ညဘက်အိပ်စက်ခြင်းတို့ဖြင့် လွတ်လပ်မှုကို ခံစားရင်း တစ်လကြာ နေထိုင်ခဲ့သည်။ သို့သော် နိုးထခြင်း အခမ်းအနားရက် နီးကပ်လာသည်နှင့်အမျှ အိပ်မက်ဆိုးများ စတင် ဝင်ရောက်လာခဲ့သည်။ မိစ္ဆာကောင်များ၏ ဆွဲဖြဲခြင်းကို ခံရပုံများ၊ တစ်ခါမှ မမြင်ဖူးသော သတ္တဝါများနှင့် တိုက်ခိုက်နေရပုံများကို မြင်ယောင်လာသည်။ သူ နိုးထလာသည့်အခါ နတ်ဘုရား စမ်းသပ်မှုအကြောင်းကသာ ခေါင်းထဲရောက်နေပြီး နိုးထခြင်း အခမ်းအနားသို့ ရောက်လာသည်အထိ မေ့ဖျောက်၍ မရနိုင်ခဲ့ပေ။
စင်မြင့်ပေါ်သို့ သူ မော့ကြည့်လိုက်သည်။ အခမ်းအနား စတင်တော့မည် ဖြစ်သည်။ ထူးဆန်းသော ပုံဆောင်ခဲ ပြားချပ်တစ်ခုကို အလယ်တွင် ချထားပြီး ၎င်းပေါ်၌ လက်ဝါးရာတစ်ခု ပါရှိသည်။ ထိုအရာက ဘာလဲဆိုတာ သူ ပြောနိုင်နေပြီ ဖြစ်သည်။
"ကဲ... ဒီမှာ မင်းတို့ အနည်းဆုံး တစ်ထောင်လောက် ရှိတယ်ဆိုတော့ မြန်မြန်လုပ်ကြတာပေါ့"
"မင်းတို့အားလုံး သိကြတဲ့အတိုင်း နိုးထလာနိုင်တဲ့ အတန်းအစား ၆ မျိုး ရှိတယ်"
"တိုက်ခိုက်ရေး (Combat) သို့မဟုတ် စစ်သည်တော် အတန်းအစား၊ မှော်ပညာရှင် (Mage) သို့မဟုတ် ဂါထာစွမ်းအားရှင် အတန်းအစား၊ ဝိညာဉ် (Spirit) အတန်းအစား၊ ပုံသဏ္ဍာန်ပြောင်းလဲသူ (Shifter) အတန်းအစား၊ ထိန်းချုပ်သူ (Controller) အတန်းအစားနဲ့ နောက်ဆုံး ဖန်တီးသူ (Creation) အတန်းအစားတို့ ဖြစ်တယ်။ မင်းတို့ရဲ့ စွမ်းရည်တစ်ခုချင်းစီက ဒီအတန်းအစားတွေရဲ့ မျိုးကွဲတွေဖြစ်ပြီး ဖွံ့ဖြိုးနိုင်စွမ်း အဆင့်အလိုက် ခွဲခြားသတ်မှတ်သွားမယ်"
"F ကနေ S အထိ သတ်မှတ်ထားတယ်။ အဲ့ဒါ ဘာကို ဆိုလိုလဲ မင်းတို့အားလုံး သိကြမှာပါ။ F ဆိုတာ ပါရမီအနည်းဆုံးဖြစ်ပြီး S ဆိုတာကတော့ မင်းတို့ရဲ့ ဖွံ့ဖြိုးနိုင်စွမ်း အမြင့်ဆုံးဖြစ်လို့ အမြင့်ဆုံးပါရမီရှင်လို့ ဆိုလိုတာပဲ"
နောက်ဆုံးစကားများသည် လူတိုင်းကို အနည်းငယ် ကြောက်လန့်သွားစေသည်။ F အဆင့် ရခြင်းသည် အသုံးမဝင်ရုံသက်သက်သာ ဖြစ်သည်။ ကြီးထွားလာရန် အလားအလာမရှိသည့်အပြင် စွမ်းအားကလည်း အားနည်းပြီး အမှိုက်လိုဖြစ်နေမည့်အတွက် စမ်းသပ်မှုများထဲ ဝင်သွားလျှင် သေချာပေါက် သေဆုံးမည်ဖြစ်ရာ မဝင်တာကမှ ပိုကောင်းပေလိမ့်မည်။
ထို့နောက် နိုးထခြင်း အခမ်းအနား စတင်လေသည်။ လူအများ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်စစ်ဆေးကြပြီး သူတို့၏ စွမ်းရည်များက နောက်ဘက်ရှိ ဖန်သားပြင်ကြီးပေါ်တွင် ပေါ်လာသည်။
[မှော်ပညာရှင် အတန်းအစား၊ မီးအသုံးပြုသူ၊ D]
[တိုက်ခိုက်ရေး အတန်းအစား၊ ခံနိုင်ရည်စွမ်းအား၊ C]
[မှော်ပညာရှင် အတန်းအစား၊ ရေအသုံးပြုသူ၊ F]
မကြာမီမှာပင် ထိတ်လန့်စရာများ စတင်လာပြီး လူအများအပြား မျက်ရည်ကျလာကြသည်။ သို့သော် ထိုစဉ် တစ်ယောက် တက်လာခဲ့သည်။
[ထိန်းချုပ်သူ အတန်းအစား၊ ဆွဲငင်အား (Gravity) အသုံးပြုသူ S]
အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အာရန် အပါအဝင် အားလုံးက စင်မြင့်ကို ကြည့်လိုက်ကြသည်။ အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ခရမ်းရောင် ဆံပင်၊ ခရမ်းရောင် မျက်လုံးများဖြင့် မာန်တက်နေသော မျက်နှာထားဖြင့် ထိုနေရာတွင် ရပ်နေလေသည်။