အခန်း ၆၈ - ကိုးမြီးဂျင်ချူရီကီ လွှဲပြောင်းခြင်း
"မီကိုတို၊ နင် ထပ်ရှုံးပြန်ပြီ။"
ကူရှီးနား က မောပန်းနွမ်းနယ်နေသည့် မီကိုတို ကို ကြည့်ကာ ပြောလိုက်သည်။ သူတို့နှစ်ဦး၏ လေ့ကျင့်မှုတွင် ကူရှီးနား က ထပ်မံအနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
မီကိုတို အနေဖြင့် မန်ဂဲခရူး ရှာရင်ဂန် ကို မနိုးထစေနိုင်သရွေ့ တိုင်ဂျူစု ပိုင်းတွင် ကူရှီးနား ကို အသာစီးရရန် ခဲယဉ်းပေလိမ့်မည်။ သို့သော် မီကိုတို ၏ ရှာရင်ဂန် မှာ အဆင့်နှစ် (two-tomoe) အဆင့်တွင်သာ ရှိသေးသဖြင့် မန်ဂဲခရူး အဆင့်သို့ ရောက်ရန်မှာ အလှမ်းဝေးနေဆဲ ဖြစ်သည်။
"ငါ ထပ်ရှုံးပြန်ပြီ..."
မီကိုတို သက်ပြင်းချလိုက်သည်။ လေ့ကျင့်သည့် အကြိမ်တိုင်းတွင် သူမသည် ကူရှီးနား ကို တစ်ခါမျှ မအနိုင်ရဖူးသဖြင့် အတော်လေး စိတ်ပျက်မိနေသည်။
"နင်က တော်တော်လေး သန်မာနေပါပြီ မီကိုတို ရဲ့။ နင့်ရဲ့ အစွမ်းက အထူး ဂျိုးနင် အဆင့်လောက် ရှိနေပြီပဲ။ နောက် တစ်နှစ်၊ နှစ်နှစ်ဆိုရင် ဂျိုးနင် အဆင့်ကို ရောက်သွားမှာပါ" ဟု ရှင်း က နှစ်သိမ့်ပေးလိုက်သည်။
ဂျိုးနင် ဆိုသည်မှာ ရှင်နိုဘီ အများအပြား ဘယ်သောအခါမှ မရောက်ရှိနိုင်သည့် အဆင့်တစ်ခု ဖြစ်ရာ မီကိုတို မှာ ပါရမီရှင်တစ်ဦး ဖြစ်နေပြီဟု ဆိုနိုင်သည်။ အမှန်တော့လည်း ဤသို့ တိုးတက်လာခြင်းမှာ သူမ၏ ကြိုးစားအားထုတ်မှုနှင့် ရှင်း ၏ လမ်းညွှန်မှုများကြောင့်လည်း ပါဝင်သည်။ ပါရမီတစ်ခုတည်းနှင့်တော့ မလုံလောက်ပေ။
နှစ်လခန့် ကြာမြင့်သွားခဲ့သည်။ ထိုကာလအတွင်း ရှင်း နှင့် သူ၏အဖွဲ့မှာ မည်သည့်မစ်ရှင်ကိုမျှ မသွားဘဲ နေခဲ့ကြသည်။ ရှင်း သည် ဂျူစု အသစ်များ ဖော်ထုတ်ရန်သာ အာရုံစိုက်နေခဲ့သည်။
"ဒီနေ့ ရွာထဲမှာ တစ်ခုခုတော့ မှားနေသလိုပဲ"
ရှင်း၊ ကူရှီးနား နှင့် မီကိုတို တို့ ရွာထဲတွင် လမ်းလျှောက်နေကြစဉ် ရှင်း က ပြောလိုက်သည်။ လေ့ကျင့်မှုများမှ ခေတ္တအနားယူရန် လမ်းထွက်လျှောက်ခဲ့ကြခြင်း ဖြစ်သော်လည်း တစ်ခုခု လွဲချော်နေသည်ကို ရှင်း သတိထားမိလိုက်သည်။ ရှင်နိုဘီ အများအပြားသည် အရိပ်ထဲတွင် ပုန်းကွယ်နေကြပြီး ရွာတစ်ခုလုံးသည် အမြင့်ဆုံး သတိပေးအဆင့်တွင် ရှိနေသယောင် ထင်ရသည်။
"ဘာဖြစ်လို့လဲ" ကူရှီးနား က ဇဝေဇဝါဖြင့် မေးလိုက်သည်။
"နင် မခံစားမိဘူးလား။ နေရာတိုင်းမှာ နင်ဂျာ တွေ ပုန်းနေကြတယ်။ ကြီးကြီးမားမား တစ်ခုခုတော့ ဖြစ်တော့မယ် ထင်တယ်"
ရှင်း မကောင်းသော အငွေ့အသက်တစ်ခုကို ခံစားနေရသည်။ သို့သော် မည်သည့်ကိစ္စက ဤမျှအထိ ကြီးကျယ်နိုင်မည်နည်း။ ကာဂဲ အဆင့် ကျူးကျော်မှုလား။ မဖြစ်နိုင်ပါ။ 'ဆန်နင်' အဆင့်အောက် မည်သူမျှ ကိုနိုဟာ ကို ကျူးကျော်ရန် မဝံ့ရဲကြပေ။
"ဒါ... ကိုးမြီး ကိစ္စပဲ ဖြစ်ရမယ်"
ရှင်း ၏ မျက်လုံးများ မှေးစပြုလာသည်။ ဤမျှအထိ လုံခြုံရေး တိုးမြှင့်ရမည့် တစ်ခုတည်းသော အကြောင်းရင်းမှာ အသန်မာဆုံးသော ဝိညာဉ်သားရဲဖြစ်သည့် ကိုးမြီး (Kyūbi) ပင် ဖြစ်သည်။ ဂျင်ချူရီကီ အပြောင်းအလဲ ပြုလုပ်သည့် အခမ်းအနား စတင်တော့မည် ဖြစ်နိုင်သည်။
ညနေခင်းတွင် သူတို့ အိမ်သို့ ပြန်လာခဲ့ကြသည်။ မီကိုတို သည် မကြာသေးမီကပင် ချက်ပြုတ်နည်းများကို စမ်းသပ်နေသဖြင့် သူတို့ စားပွဲကြီးတစ်ပွဲ ခင်းကျင်းကြတော့မည် ဖြစ်သည်။
ဟိုကာဂဲ ကျောက်တုံးကြီးများ၏ နောက်ကွယ်ရှိ လျှို့ဝှက်ဧရိယာတစ်ခုတွင် ဟီရူဇန် သည် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ရပ်နေသည်။ သူသည် ဟိုကာဂဲ ဝတ်ရုံကို ဝတ်ဆင်မထားဘဲ တိုက်ပွဲဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။ ဟီရူဇန် အပြင် အန်ဘူ များနှင့် ထိပ်တန်း ဂျိုးနင် များလည်း ရှိနေကြသည်။
ရှင်း ခန့်မှန်းခဲ့သည်မှာ မှန်ကန်သည်။ ကိုးမြီး လွှဲပြောင်းမှု စတင်တော့မည် ဖြစ်သည်။ သူတို့သည် ကိုးမြီး ကို အာကီကို ထဲသို့ ချိတ်ပိတ် ထည့်သွင်းကြတော့မည် ဖြစ်သည်။
"မီတိုဆာမ၊ ဒါကို အခုပဲ လုပ်ရမှာ သေချာပြီလား" ဟု ဟီရူဇန် က အူဇူမာကီ မီတို ကို ပြောလိုက်သည်။
မီတို က သူမ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး ခေါင်းခါပြသည်။ "ကျွန်မ ကိုးမြီး ကို ဖိနှိပ်ထားနိုင်တုန်းမှာပဲ ဒီလွှဲပြောင်းမှုကို အပြီးသတ်ရမယ်။ မဟုတ်ရင် ကပ်ဘေးကြီး ဆိုက်သွားလိမ့်မယ်"
ဟီရူဇန် တိတ်ဆိတ်သွားသည်။ အကယ်၍ ဆန်ဂျူး ဟာရှီရာမား သာ သက်ရှိထင်ရှား ရှိနေသေးလျှင် ဤမျှအထိ သတိထားနေစရာ မလိုပေ။ ဟာရှီရာမား အတွက်မူ ကိုးမြီး မှာ အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင်မျှသာ ဖြစ်သည်။ သို့သော် အခြားသော ရှင်နိုဘီ များအတွက်မူ ကိုးမြီး သည် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာကောင်ကြီး ဖြစ်သည်။
"အာကီကို၊ အဆင်သင့်ဖြစ်ပြီလား" ဟု မီတို က လေးနက်စွာ မေးလိုက်သည်။
အာကီကို က လက်သီးကို တင်းတင်းဆုပ်ကာ ခေါင်းငြိမ့်ပြသည်။
"ကောင်းပြီ။ စကြစို့"
မီတို သည် လက်ဟန်များ ဖော်ထုတ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ တံဆိပ်ခတ်မှုကို ဖြေလျှော့လိုက်သည်။ နီရဲသော ချက္ကရာ များ စီးထွက်လာပြီး ကြောက်မက်ဖွယ် အငွေ့အသက်များ လေထုထဲတွင် ပြည့်နှက်သွားသည်။ ဟီရူဇန် ၏ မျက်နှာထား ပိုမိုတင်းမာလာကာ "တံဆိပ်ခတ်အဖွဲ့၊ ပြင်ဆင်ထား!" ဟု ဟစ်အော် အမိန့်ပေးလိုက်သည်။
ကိုးမြီး ၏ ချက္ကရာ သည် အနည်းငယ်မျှ ထွက်ပေါ်လာလျှင်ပင် အလွန်တရာ အားကောင်းလွန်းလှသည်။ ကိုးမြီး သည် ရုန်းထွက်လာခဲ့ပြီး ဟိန်းဟောက်လိုက်ရာ တစ်ရွာလုံး တုန်ခါသွားသည်။
အိမ်တွင် ညစာစားနေသော ရှင်း သည် ကိုးမြီး ၏ ချက္ကရာ ကို အာရုံခံမိလိုက်ပြီး တောင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
"အဲဒါ ဘာကြီးလဲ" ကူရှီးနား နှင့် မီကိုတို တို့က ဇဝေဇဝါဖြင့် မေးလိုက်ကြသည်။
"ငါ့ခန့်မှန်းချက် မှန်တယ်ထင်တယ်။ ဒါပေမဲ့ ငါတို့နဲ့ မဆိုင်ပါဘူး။ စားကြရအောင်။ ဒီ ကိုလာနဲ့ချက်ထားတဲ့ ကြက်သားက တော်တော်စားလို့ကောင်းတယ်"
(ကိုလာ ဘယ်ကရလဲမသိပါဘူး မူရင်းအတိုင်းပြန်ထားတာပါ။)
ရှင်း သည် ကြက်တောင်ပံတစ်ခုကို မြှောက်ပြရင်း ကိုးမြီး လွှဲပြောင်းသည့် ကိစ္စကို ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
သူတို့ ညစာကို အရသာရှိရှိ စားနေကြစဉ် ဟီရူဇန် မှာမူ ထိတ်လန့်တုန်လှုပ်နေသည်။ ကိုးမြီး သည် သူထင်ထားသည်ထက် ပိုမို ကြမ်းတမ်းလှပြီး တံဆိပ်ခတ်အဖွဲ့သည် ၎င်းကို မထိန်းချုပ်နိုင်တော့ပေ။
"စိန်စီသံကြိုး ချိတ်ပိတ်ခြင်းအတတ် (Adamantine Sealing Chains)!"
မီတို ၏ ကျောကုန်းမှ ချက္ကရာ ကွင်းဆက်များစွာ ထွက်ပေါ်လာပြီး ကိုးမြီး ကို တုပ်နှောင်ကာ ၎င်း၏ လှုပ်ရှားမှုများကို ကန့်သတ်လိုက်သည်။ အူဇူမာကီ မျိုးနွယ်စု တွင် မယုံနိုင်စရာ ကောင်းသော အသက်စွမ်းအား ရှိကြသဖြင့် မီတို မှာမူ ထူးခြားသည်။ သူမ၏ အသက်စွမ်းအားကြောင့် သူမသည် အချိန်အတန်ကြာအောင် ဆက်လက် ရှင်သန်နေနိုင်သေးသည်။