
အခန်း (၁) - အသက်ငင်နေသော သရဲအိမ်ကြီး
"ဒီလောက် မခြောက်ခြားစရာကောင်းတဲ့ သရဲအိမ်မျိုးကို လာဖူးတာ ဒါပထမဆုံးပဲ။"
"ပစ္စည်းတွေကလည်း အတုမှန်းသိသာလွန်းတယ်။ နည်းနည်းလေးတောင် မလန့်ဘူး။ ကြောက်ဖို့နေနေသာသာ၊ ဟာသတောင် ဖြစ်နေသေးတယ်။"
"ငါတို့လို ရုပ်ဝါဒီသမားတွေက ဘာကိုမှ ကြောက်စရာမလိုပါဘူးကွာ။ သရဲဆိုတာ တကယ်မှ မရှိတာ!"
"မပြောချင်ပေမယ့် အစကတည်းက ငါပြောသားပဲ။ အဆောင်မှာပဲ နေခဲ့ရမှာ။ ငါ့အွန်လိုင်းဂိမ်းလေးတောင် နောက်တစ်ဆင့်တက်ဖို့ နည်းနည်းလေးပဲ လိုတော့တာကို။"
အနောက်ကျိုကျန်းမြို့ရှိ သရဲအိမ်ရှေ့တွင် ကျောင်းသားတစ်စု စိတ်ပျက်လက်ပျက် ညည်းညူရင်း ဆိုင်ကယ်များဖြင့် ထွက်ခွာသွားကြသည်။ သရဲအိမ်၏ ကြော်ငြာလက်ကမ်းစာစောင်များကို ကိုင်ထားသော ချန်ဂီ တစ်ယောက် ထိုမြင်ကွင်းကိုကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းလိုက်မိသည်။
လူကိုလန့်အောင်ခြောက်လှန့်ခြင်းသည် အနုပညာတစ်ရပ်ဖြစ်သော်လည်း ယခုခေတ်တွင်မူ ထိတ်လန့်ခြောက်ခြားဖွယ် ရုပ်ရှင်များကြောင့် ခေတ်လူငယ်များ၏ အကြောက်တရားခံနိုင်ရည်မှာ မြင့်တက်လာခဲ့လေပြီ။ သရဲအိမ်သို့ လာရောက်လည်ပတ်ခြင်းက သူတို့အတွက်တော့ မိမိအိမ်နောက်ဖေး ခြံဝင်းထဲ လမ်းလျှောက်နေရသည်နှင့် ဘာမှမကွာခြားလှချေ။
"သူဌေး!"
နောက်ကျောဘက်မှ ကြည်လင်သော မိန်းကလေးအသံတစ်သံ ထွက်ပေါ်လာသည်။ ချန်ဂီ လှည့်ကြည့်လိုက်သောအခါ သူနာပြုဝတ်စုံဝတ်ထားသော သွယ်လျလျ 'ဖုတ်ကောင်' မလေးတစ်ယောက် သရဲအိမ်ထဲမှ ဒေါသတကြီး ပြေးထွက်လာသည်ကို မြင်လိုက်ရသည်။
"ရှောင်ဝမ်... ဘာဖြစ်လို့လဲ။" ထိုဖုတ်ကောင်မလေး၏အမည်မှာ ရှောင်ဝမ် ဖြစ်ပြီး သရဲအိမ်တွင် နေ့စားအဖြစ် ငှားရမ်းထားသော သရုပ်ဆောင်တစ်ဦး ဖြစ်သည်။
"စောစောက လူရမ်းကားကောင်တွေ ကျွန်မကို အခွင့်အရေးယူဖို့ ကြိုးစားသွားတယ်!" မိန်းကလေးက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း သွားကြိတ်ကာ ပြောလေသည်။
ဪ... လာတိုင်တာကိုး။
"တကယ့်ကို ဆိုးယုတ်တဲ့ကောင်တွေ။ ဖုတ်ကောင်ကိုတောင် အချောင်နှိုက်ချင်ကြသေးတယ်။" သူဌေးဖြစ်သည့်အားလျော်စွာ ချန်ဂီက ရှောင်ဝမ့်ဘက်မှ ရပ်တည်ပေးလိုက်သည်။ "နေပါဦး... ကစားကွင်းမန်နေဂျာကို CCTV မှတ်တမ်းတွေ ပြန်စစ်ခိုင်းလိုက်မယ်။"
"အဲဒါတွေ မလိုတော့ပါဘူး။ သူတို့ရည်ရွယ်ချက်ကို ရိပ်မိတာနဲ့ ကောင်လေးရဲ့မျက်နှာတည့်တည့်ကို ကျွန်မလက်သီး ဝင်သွားပြီးပြီ။" ရှောင်ဝမ်က သူမဝတ်စုံစွန်းမှ သွေးကွက်ကို လက်ညှိုးထိုးပြရင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ "တွေ့လား... ဒါ သွေးတု မဟုတ်ဘူးနော်။"
"ကောင်းတယ်၊ ကောင်းတယ်။ မိန်းကလေးဆိုတာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ရမယ်။" ချန်ဂီသည် သူ၏နဖူးမှ ချွေးအေးများကို သုတ်လိုက်မိသည်။ ဝင်လုဆဲဆဲ နေမင်းကြီးကို လှမ်းကြည့်ရင်း "ဒီနေ့တော့ ဒီလောက်နဲ့ပဲ သိမ်းကြတာပေါ့။ ဧည့်သည်လည်း ထပ်လာဖို့ မရှိတော့ပါဘူး။ ဒီနေ့ စောစောဆင်းလို့ရပြီလို့ အားလုံးကို သွားပြောလိုက်ပါတော့။" ဟု ဆိုလိုက်သည်။
သို့သော် ဖုတ်ကောင်မိတ်ကပ်နှင့် မိန်းကလေးမှာ ထွက်သွားမည့်အရိပ်အယောင် မပြပေ။
"ကိစ္စရှိသေးလို့လား။"
"သူဌေး..." ရှောင်ဝမ်က တုံ့ဆိုင်းဆိုင်းဖြင့် သူမအိတ်ကပ်ထဲမှ စာအိတ်နှစ်အိတ်ကို ဖြည်းညင်းစွာ ထုတ်ယူလိုက်သည်။ "ဒါက ထောင်မင်နဲ့ ရှောင်ဝေ တို့ရဲ့ နုတ်ထွက်စာတွေပါ။ သူဌေးက သူတို့အပေါ် အရမ်းကောင်းခဲ့တော့ သူတို့ကိုယ်တိုင် လူချင်းတွေ့ပြီး မပေးရဲလို့ ကျွန်မကို ပေးခိုင်းလိုက်တာ။"
"သူတို့ ထွက်ကြတော့မလို့လား။" ချန်ဂီက စာအိတ်များကို လှမ်းယူရင်း သိသာနေသည့်မေးခွန်းကို မေးလိုက်မိသည်။ ထို့နောက် "လူတိုင်းမှာ ကိုယ်လျှောက်ရမယ့် လမ်းကိုယ်စီ ရှိကြတာပဲလေ။ ဒီလိုပဲ ဖြစ်ရမှာပေါ့။ ရှောင်ဝမ်... တခြားကိစ္စမရှိရင် သွားလို့ရပြီ။"
"ဟုတ်ကဲ့... ကျွန်မ မိတ်ကပ် သွားဖျက်လိုက်ဦးမယ်။"
ချစ်စရာကောင်းသော ဖုတ်ကောင်မလေး ထွက်သွားပြီးနောက် ချန်ဂီသည် တိတ်ဆိတ်စွာပင် စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။ လွန်ခဲ့သောနှစ်ဝက်ခန့်က သူ၏မိဘနှစ်ပါး ပဟေဠိဆန်စွာ ပျောက်ဆုံးသွားခဲ့ပြီး သူ့အတွက် ချန်ရစ်ခဲ့သော တစ်ခုတည်းသောအရာမှာ ဤသရဲအိမ်ကြီးသာ ဖြစ်သည်။ မိဘများ၏ အငွေ့အသက်များကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ချန်ဂီသည် သူ၏အလုပ်မှထွက်ကာ သရဲအိမ်ကို အာရုံစိုက် ဦးစီးခဲ့သည်။
သို့သော် အချိန်ကား ပြောင်းလဲလာခဲ့ပြီ။ သီးသန့်ဆန်သော ဖျော်ဖြေရေးဖြစ်သော်လည်း သရဲအိမ်များအကြား ပြိုင်ဆိုင်မှုက ပြင်းထန်လှပြီး ကန့်သတ်ချက်များစွာလည်း ရှိနေသည်။ ခြောက်ခြားဖွယ် ဇာတ်ကွက်တစ်ခုသည် ပထမတစ်ကြိမ် တွေ့ကြုံပြီးပါက ကြောက်စရာကောင်းသည့်အရှိန်အဝါ လျော့ကျသွားတတ်သည်။ အသစ်အသစ်များ အမြဲတမ်းဖန်တီးနိုင်ရန်မှာလည်း ငွေကြေးနှင့် အရင်းအမြစ်များစွာ လိုအပ်လှသည်။
လွန်ခဲ့သည့်ရက်သတ္တပတ် အနည်းငယ်မှစ၍ သရဲအိမ်မှာ အရှုံးပေါ်နေခဲ့သည်။ နေ့စဉ် လက်မှတ်ရောင်းရငွေမှာ ရေဖိုးနှင့် မီးဖိုးကိုပင် ကာမိရုံသာ ရှိတော့သည်။
"ငါ ဘယ်လောက်အထိ တောင့်ခံနိုင်ဦးမလဲ မသိပါဘူး။"
စီးကရက်ကို ငြိမ်းသတ်ပြီးနောက် သရဲအိမ်ထဲသို့ အပြန်တွင် 'ရာစုသစ် ပန်းခြံ' ၏ ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး သူ့ထံ လျှောက်လာသည်ကို တွေ့လိုက်ရသည်။ သူ့ကိုမြင်သည်နှင့် ချန်ဂီတစ်ယောက် ကြောင်ကိုမြင်သော ကြွက်တစ်ကောင်ပမာ ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းလိုက်သည်။
"မင်းက ငါ့ကိုမမြင်ချင်ယောင် ဆောင်နိုင်မယ်ထင်နေလား။" လူလတ်ပိုင်းအမျိုးသားက ချန်ဂီ၏ ပခုံးနှစ်ဖက်ကို ဖမ်းဆုပ်လိုက်သည်။ "ဒီနေ့တော့ ငါတို့ ရှင်းရှင်းလင်းလင်း စကားပြောဖို့ လိုနေပြီ။ မင်း ဆိုင်ခန်းလခနဲ့ ရေမီးဖိုးတွေ မပေးတာ နှစ်လရှိနေပြီ။ အထက်ကလူတွေကလည်း ငါ့ကို အသေအလဲ တောင်းခိုင်းနေပြီ။ အဲဒီတော့ အခု ပေး။"
"ဦးလေးရွှီ... ကျွန်တော် မပေးချင်လို့ မဟုတ်ပါဘူး။ တကယ်ကို ပေးစရာမရှိလို့ပါ။ ကျွန်တော့်ကို နောက်တစ်လလောက် အချိန်ထပ်ပေးလို့ မရဘူးလား။"
"ပြီးခဲ့တဲ့လကလည်း မင်း ဒီလိုပဲ ပြောခဲ့တာလေ!"
"ကျွန်တော် ကတိပေးပါတယ်။ ဒါ နောက်ဆုံးအကြိမ်ပါပဲ!" ချန်ဂီသည် မိမိရင်ဘတ်ကိုပုတ်ကာ ရိုးသားစွာ ကတိပေးလိုက်သည်။
"လူတွေက သရဲအိမ်ဆိုတာကို စိတ်ဝင်စားမှု ကုန်သွားကြပြီ။ ငါပြောတာနားထောင်၊ ဒီလောက်ထိ ခေါင်းမာနေလို့ ဘာအကျိုးမှရှိလာမှာ မဟုတ်ဘူး။" ဦးလေးရွှီဟုခေါ်သော ထိုအမျိုးသားသည် ချန်ဂီလက်ထဲရှိ စာအိတ်များကို မြင်သွားသောအခါ ချန်ဂီ၏ပခုံးပေါ်မှ ဆုပ်ကိုင်ထားသော အားကို ဖြည်းညင်းစွာ လျှော့ချလိုက်သည်။ "မင်းက ငယ်ပါသေးတယ်။ တခြားအလုပ်တစ်ခုခုနဲ့ အသစ်ကနေ ပြန်စလို့ရတာပဲ။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒီလောက် ဒုက္ခပေးနေရတာလဲ။"
"ဦးလေးရွှီက ကျွန်တော့်ကို စေတနာနဲ့ပြောတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဒီသရဲအိမ်က ကျွန်တော့်အတွက် အဓိပ္ပာယ်တစ်မျိုး သက်ရောက်နေတယ်။ မိဘတွေရဲ့ နောက်ဆုံးအမှတ်တရကို အလွတ်မပေးချင်သေးလို့ ဖြစ်မှာပါ။" တခြားသူများ ကြားသွားမည်ကို စိုးရွံ့သည့်အလား ချန်ဂီက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
ကစားကွင်းမန်နေဂျာတစ်ဦးအနေဖြင့် ထိုအမျိုးသားသည် ချန်ဂီ၏ မိဘများ ပျောက်ဆုံးသွားခဲ့သည့်ကိစ္စကို သိထားသည်။ သူ ချက်ချင်းပြန်မဖြေနိုင်ဘဲ စက္ကန့်အနည်းငယ်ကြာမှ သက်ပြင်းချကာ "ကောင်းပြီလေ။ မင်းရဲ့ခံစားချက်ကို ငါ နားလည်ပါတယ်။ အထက်ကလူတွေကို မင်းဘက်ကနေ ငါ အတတ်နိုင်ဆုံး ပြောပေးပါ့မယ်။ နောက်ထပ် ရက်သတ္တပတ် အနည်းငယ်လောက် အချိန်ထပ်ပေးလို့ ရမလားပေါ့လေ။"
"ကျေးဇူးတင်ပါတယ် ဦးလေးရွှီ!"
"စောစောစီးစီး ကျေးဇူးတင်မနေနဲ့ဦး။ လက်မှတ်ရောင်းရငွေ တက်လာအောင် သေချာပေါက် လုပ်မှရမယ်။ မဟုတ်ရင်လည်း ဇာတ်သိမ်းကတော့ ဒီလိုပဲ ဖြစ်သွားမှာပဲ။"
ကစားကွင်းမန်နေဂျာကို နှုတ်ဆက်ပြီးနောက် ချန်ဂီသည် သရဲအိမ်ထဲသို့ ပြန်ဝင်လာပြီး ပစ္စည်းကိရိယာများ စစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် သန့်ရှင်းရေးလုပ်ခြင်း စသည့် နေ့စဉ်လုပ်ရိုးလုပ်စဉ်များကို စတင်လုပ်ဆောင်လေသည်။
"ပြင်ဆင်ရေးအခန်းထဲက သွေးတုတွေလည်း ကုန်တော့မယ်။ အသစ်ထပ်ဝယ်မှ ရမယ်။"
"ဒီစင်္ကြံလမ်းလေးကို ဘေးဘက်နည်းနည်း ထပ်စောင်းလိုက်ရင် ဧည့်သည်တွေကို ခြောက်လှန့်ဖို့ ပိုကောင်းတဲ့ ထောင့်ကွယ်တစ်ခု ရလာလိမ့်မယ်။"
"ဟာ ဒုက္ခပါပဲ။ ဒီအရုပ်ကြီးလည်း ကျိုးနေပြီ။ နောက်မှ ပြန်ပြင်ရမယ်။"
"တောက်! ပြီးခဲ့တဲ့အပတ်က ငါတပ်ထားတဲ့ မီးသီးက ဘာဖြစ်သွားတာလဲ။ ဘယ်ကောင် ခိုးသွားတာလဲကွ!"
ပြင်ပလူတစ်ယောက်၏ အမြင်တွင် သူသည် သရဲအိမ်ပိုင်ရှင်တစ်ဦး၊ တစ်နည်းအားဖြင့် လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။ သို့သော် သရဲအိမ်တစ်ခုကို ထိန်းသိမ်းရသည့် အခက်အခဲကိုမူ ချန်ဂီကိုယ်တိုင်မှလွဲ၍ မည်သူမျှ နားလည်နိုင်မည် မဟုတ်ပေ။ သရဲအိမ်ဆိုသည်မှာ ဖျော်ဖြေရေးတစ်မျိုးဖြစ်သည်။ ခြောက်ခြားဖွယ် ဝန်းကျင်တွင် ပိတ်မိနေစဉ် လူတစ်ယောက်၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေသည် အထွတ်အထိပ်သို့ ရောက်ရှိနေတတ်ပြီး ထိုဖိအားများ ပြေလျော့သွားသည့်အခါ စိတ်သက်သာရာရမှုနှင့် ကျေနပ်မှုကို ဖြစ်ပေါ်စေသည်။ တစ်နည်းဆိုရသော် အနှိပ်ခံရခြင်းနှင့် များစွာမကွာခြားလှပေ။
တစ်ချိန်တည်းမှာပင် သရဲအိမ်အများစုမှာ ဟန်ပြကွက် တစ်ကွက်တည်းနဲ့သာ စားပေါက်ရှာနေကြရခြင်း ဖြစ်သည်။ သရဲအိမ်တစ်ခုအတွက် အထိရောက်ဆုံး စီးပွားရေးဗျူဟာမှာ ရွေ့လျားသရဲအိမ်အဖြစ် လုပ်ဆောင်ခြင်းဖြစ်ပြီး သို့မှသာ ဧည့်သည်အသစ်များကို အစဉ်မပြတ် ဆွဲဆောင်နိုင်မည် ဖြစ်သည်။ ချန်ဂီ၏ သရဲအိမ်ကဲ့သို့ တစ်နေရာတည်းတွင် အတည်တကျရှိနေသော သရဲအိမ်များသည် လူအုပ်ကြီးကို ဆွဲဆောင်နိုင်ရန်အတွက် အလွန်ကြီးမားသော နာမည်ကျော်ကြားမှု လိုအပ်သည်။ သို့မဟုတ်ပါက ကြာရှည်ရပ်တည်နိုင်မည် မဟုတ်ပေ။ သူ ယခုအချိန်အထိ တောင့်ခံထားနိုင်ခဲ့ခြင်းသည်ပင် တစ်နည်းအားဖြင့်ဆိုရလျှင် အံ့ဖွယ်တစ်ခုဖြစ်နေပြီ ဖြစ်သည်။
ပျက်စီးနေသော အရုပ်ကို ဆွဲယူရင်း ချန်ဂီသည် ပြင်ဆင်ရေးအခန်းတွင်းသို့ ဝင်ရောက်လာသည်။ ကောလိပ်တက်စဉ်က အရုပ်ဒီဇိုင်းပညာရပ်ကို လေ့လာခဲ့သူဖြစ်ရာ သရဲအိမ်တွင် အသုံးပြုထားသည့် စက်ယန္တရားများနှင့် ထောင်ချောက်များကို သူကိုယ်တိုင် ဒီဇိုင်းဆွဲကာ တည်ဆောက်ထားခြင်း ဖြစ်သည်။ အပ်ချုပ်ခြင်းနှင့် ဆေးပြန်သုတ်ခြင်းတို့ ပါဝင်သော ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းစဉ်သည် ခြောက်သွေ့ပြီး ထပ်ခါတလဲလဲ လုပ်ဆောင်ရသော အလုပ်တစ်ခု ဖြစ်သည်။
"သွေးတုတွေ လိုနေသေးတယ်။ ငါမှတ်မိသလောက်ဆိုရင် ထပ်ခိုးပေါ်မှာ အပိုနည်းနည်း ကျန်သေးတယ်။" သရဲအိမ်ကို အထပ်သုံးထပ် ခွဲခြားထားပြီး ပထမထပ်နှင့် ဒုတိယထပ်ကို သရဲအိမ်ခြောက်လှန့်သည့် ဇာတ်ကွက်များအတွက် အသုံးပြုကာ တတိယထပ်ကိုမူ သိုလှောင်ရုံအဖြစ် အသုံးပြုသည်။
သစ်သားတံခါးကို တွန်းဖွင့်လိုက်ပြီးနောက် လွင့်ပျံလာသော သစ်သားစများနှင့် ဖုန်မှုန့်များအကြားတွင် ချန်ဂီ၏မိဘများ သရဲအိမ်ကို စီမံအုပ်ချုပ်ခဲ့စဉ်က ချန်ရစ်ခဲ့သော ပစ္စည်းမျိုးစုံနှင့် အသုံးမလိုတော့သော အကြွင်းအကျန်များကို တွေ့ရလေသည်။
အတိတ်ကို ရင်မဆိုင်လိုသောကြောင့် ချန်ဂီသည် ဤနေရာသို့ လာခဲလှသည်။
"အခု ပြန်တွေးကြည့်တော့... အချိန်က နှစ်ဝက်လောက်တောင် ရှိသွားခဲ့ပြီပဲ။"
ပစ္စည်းကိရိယာ အစုံအလင်ကို ကြည့်ရင်း ချန်ဂီ၏ စိတ်အာရုံတွင် ကလေးဘဝက အမှတ်တရများ ပြန်လည်လွှမ်းမိုးလာသည်။ ထိုအချိန်က သူ၏မိသားစုသည် ရွေ့လျားသရဲအိမ်ကို စီမံခန့်ခွဲခဲ့ရာ သူသည် မိဘများနှင့်အတူ တစ်နိုင်ငံလုံးအနှံ့ ခရီးသွားခွင့် ရခဲ့သည်။ လူကြီးနှစ်ယောက် အလုပ်ရှုပ်နေချိန်များတွင် ချန်ကီကို သရဲတစ္ဆေရုပ်များနှင့်အတူ နောက်ကွယ်၌ တစ်ယောက်တည်း ထားခဲ့လေ့ရှိသည်။ ထို့ကြောင့် ချန်ကီ၏ ထူးမခြားနားသော သတ္တိသည် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးခံခဲ့ရပြီး ဖြစ်သည်။
ပြောရမည်ဆိုလျှင် သူနှင့်ရွယ်တူ သူငယ်ချင်းများ သစ်သားတုံးလေးများနှင့် ပဟေဠိကစားစရာများ ကစားနေချိန်တွင် သူကမူ လူခေါင်းတုတစ်ခုကို ကိုင်ကာ ဟိုပြေးဒီလွှား ဆော့ကစားနေခဲ့ခြင်း ဖြစ်သည်။
"ဒါတွေအားလုံးက တန်ဖိုးရှိတဲ့ အမှတ်တရတွေပါပဲ။"
ချန်ဂီသည် ရည်ရွယ်ချက်မရှိ ဟိုဟိုဒီဒီ လျှောက်ကြည့်နေရင်းမှ သူ၏မိဘများ ချန်ရစ်ခဲ့သည့် အနည်းငယ်သော ပစ္စည်းများကို သိမ်းဆည်းထားရာ သစ်သားသေတ္တာလေးရှေ့သို့ ရောက်သွားခဲ့သည်။ သေတ္တာထဲတွင် အမည်းရောင် လက်ကိုင်ဖုန်းတစ်လုံးနှင့် ကြမ်းတမ်းသောလက်ရာဖြင့် လုပ်ထားသည့် အရုပ်တစ်ရုပ် ရှိနေသည်။ ထိုအရုပ်မှာ ချန်ဂီကလေးဘဝက ပထမဆုံး ကိုယ်တိုင်ဖန်တီးခဲ့သည့် ကစားစရာအရုပ်ဖြစ်သော်လည်း ထိုဖုန်းနှင့်ပတ်သက်၍မူ သူ ဘာမှမမှတ်မိပေ။ ဤပစ္စည်းနှစ်ခုစလုံးကို နယ်မြို့လေးတစ်ခုရှိ စွန့်ပစ်ခံ ဆေးရုံတစ်ခုအတွင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သူ၏မိဘများ သန်းခေါင်ယံအချိန်ကြီးတွင် ထိုနေရာသို့ အဘယ်ကြောင့် သွားခဲ့ရသည်ဆိုခြင်းကို ရဲတွေပင် သူ့အား အဖြေမပေးနိုင်ခဲ့ပေ။
"အဖေနဲ့အမေ ဘယ်တွေရောက်နေကြတာလဲဗျာ။" ချန်ဂီသည် အရုပ်ကလေးကို ကောက်ကိုင်လိုက်ပြီး ဖောင်းအိနေသော ပါးပြင်ကို ဆွဲညှစ်လိုက်သည်။ ထို့နောက် သက်ပြင်းတစ်ချက်ချကာ "သွေးတု သွားရှာတာပဲ ကောင်းပါတယ်။ ဒီအကျပ်အတည်းကိုမှ မကျော်လွှားနိုင်ရင် ဒီသရဲအိမ်ကြီးကို တကယ်ပဲ နှုတ်ဆက်ရတော့မှာ။" ဟု ကိုယ့်ကိုယ်ကိုယ် တီးတိုးပြောလိုက်သည်။
ချန်ဂီ သူ့ဘာသာ စကားပြောနေစဉ် သေတ္တာထဲတွင် ငြိမ်သက်နေသော အမည်းရောင်ဖုန်းလေးသည် အေးစက်စက် အလင်းရောင်ဖျော့ဖျော့ဖြင့် ရုတ်တရက် လင်းလက်လာခဲ့သည်။
"ဘာဖြစ်တာလဲ။ လျှို့ဝှက်ဆန်းကြယ်တဲ့ နည်းပညာလား၊ ဒါမှမဟုတ် သဘာဝလွန်ဖြစ်ရပ်များလား။" အကယ်၍သာ ဤဖြစ်ရပ်မျိုး တခြားတစ်ယောက်ယောက်နှင့် ကြုံခဲ့ပါက အသံကုန်ဟစ်အော်ကာ ထွက်ပြေးသွားလောက်ပြီ ဖြစ်သော်လည်း ချန်ဂီ၏တုံ့ပြန်မှုကမူ များစွာတည်ငြိမ်နေခဲ့သည်။ သူသည် ဖုန်းကို ကောက်ကိုင်လိုက်ပြီး အနီးကပ် သေချာစစ်ဆေးကြည့်လိုက်သည်။
"ထူးဆန်းလိုက်တာ။ ဒီဖုန်းကို ဖွင့်ဖို့ ငါ အကြိမ်တစ်ရာမက ကြိုးစားခဲ့ဖူးတယ်။ အရင်က မပွင့်ဘဲနဲ့ ဒီနေ့ကျမှ ဘာလို့ သူ့အလိုလို ပွင့်လာတာလဲ။ ဒီဖုန်းကို ငါ့မိဘတွေ ပျောက်သွားတဲ့နေရာကနေ တွေ့ခဲ့တာဆိုတော့ ငါ ဒုက္ခရောက်နေတာကို သူတို့သိလို့ ကူညီဖို့ ဆက်သွယ်လာတာများလား။"
ချန်ဂီ ဖုန်းစခရင်ကို ပွတ်ဆွဲဖွင့်လိုက်သည်။ အမည်းရောင်နောက်ခံနှင့် ပင်မစာမျက်နှာပေါ်တွင် အသုံးပြုနိုင်သော အက်ပလီကေးရှင်း app တစ်ခုတည်းသာ ရှိနေသည်။ ၎င်း app ၏ ပုံသင်္ကေတမှာ သရဲအိမ်ပုံစံ ဖြစ်နေသည်။
"နေပါဦး... ဒီပုံစံက တော်တော်ရင်းနှီးနေပါလား။ ငါ့သရဲအိမ်ရဲ့ အဝင်ပေါက်ပုံစံအတိုင်းပဲ!"
မျက်မှောင်ကြုတ်လျက်ချန်ဂီသည် ထို app ကို နှိပ်ဖွင့်လိုက်သည်။ စခရင်ပေါ်တွင် သွေးများဖြင့် ရေးသားထားသကဲ့သို့ စာကြောင်းတစ်ကြောင်း ပေါ်လာသည်။
— ဒီလောကမှာ သရဲရှိတယ်လို့ သင် ယုံကြည်ပါသလား။
ဓမ္မဓိဋ္ဌာန်ကျကျ ပြောရမည်ဆိုလျှင် ဤသည်မှာ ဥာဏ်ပညာပိုင်းဆိုင်ရာ ဒဿနိကမေးခွန်းတစ်ခုဖြစ်သည်။ ချန်ဂီကဲ့သို့ အင်ဂျင်နီယာကျောင်းသားတစ်ယောက်အတွက်မူ အဖြေမပေးနိုင်သော မေးခွန်းပင် ဖြစ်သည်။
"ရှိလောက်မှာပေါ့" ချန်ဂီ တီးတိုးရေရွတ်လိုက်သည်။ စက္ကန့်အနည်းငယ်အကြာတွင် စခရင်ပေါ်၌ စာကြောင်းအသစ်တစ်ခု ထပ်ပေါ်လာသည်။
"သင်ယုံကြည်သောအရာသည်ပင် အဖြေဖြစ်၏။ ယခုအချိန်မှစ၍ သင်သည် သရဲအိမ်၏ ပိုင်ရှင်သစ်အဖြစ် တရားဝင် တာဝန်ယူရမည်။ သေချာသည်မှာ ဤအရာသည် ဂုဏ်ပြုကျင်းပရမည့် ကိစ္စမဟုတ်ပေ။ သင်ခန်းစာများ မပြီးဆုံးမီ နောက်ဆုံးအကြံပေးချက်ကို လိုက်နာပါ... မိမိကိုယ်ကိုယ် သတ်သေခြင်းသည် အကြောက်ရွံ့တတ်ဆုံးသူတို့၏ လုပ်ရပ်ဖြစ်သည်၊ အသက်ရှင်ကျန်ရစ်ရန် အတတ်နိုင်ဆုံး ကြိုးစားပါ!"
"ဘာတွေလဲကွ... ဒါပေမဲ့ ဒီလို အထက်စီးဆန်ဆန် ပြောပုံဆိုပုံမျိုးက ငါ့အဖေနဲ့တော့ တူသားပဲ။"
ချန်ဂီ app ကို နောက်တစ်ကြိမ် ထပ်နှိပ်လိုက်သောအခါ အသစ်တစ်ခု ပေါ်လာသည်။
အနောက်ကျိုကျန်း သရဲအိမ်
အခြေအနေ - ပိတ်သိမ်းလုနီးပါး
နာမည်ကောင်းရရှိမှု - သုည
နေ့စဉ် လာရောက်သူအရေအတွက် - လေးဦး
လစဉ် လာရောက်သူအရေအတွက် - ဆယ်ဦး
မိမိ၏ သရဲတစ္ဆေအဖွဲ့ - မရှိ
မိမိ၏ ပစ္စည်းသိုလှောင်ခန်း - မရှိ
ရရှိပြီးသော အောင်မြင်မှု - မရှိ
ယခုအသုံးပြုနိုင်သော ဇာတ်ကွက်များ -
– သက်ရှိဖုတ်ကောင်များ၏ ည - အလွန်ဆိုးရွားသော အသုံးအဆောင်များ၊ လေ့ကျင့်မှုမရှိသော သရုပ်ဆောင်များ၊ အဓိပ္ပာယ်မဲ့ပြီး ယုတ္တိမတန်သော ဇာတ်လမ်း။ အော်ဟစ်လန့်ဖြတ်မှုအဆင့် - ၀ ကြယ်
– မင်ဟွန်း [တမလွန် မင်္ဂလာဆောင်] - လူ့ဘဝတွင် ကွဲကွာခဲ့ရသော စုံတွဲသည် တမလွန်တွင် ထာဝရပေါင်းဖက်ရသည်၊ သင်္ချိုင်းဂူတစ်ခုတည်းတွင် အတူနေထိုင်ကာ သေဆုံးခြင်းမှ ပျော်ရွှင်မှုကို ရှာဖွေခြင်း။ အော်ဟစ်လန့်ဖြတ်မှုအဆင့် - ၀.၅ ကြယ်
သော့ဖွင့်နိုင်သော ဇာတ်ကွက်များ -
– သန်းခေါင်ယံ လူသတ်မှု - ပြိုကျပျက်စီးနေသော တိုက်ခန်းတစ်ခုတွင် အန္တရာယ်ရှိသော စိတ်ဝေဒနာရှင်တစ်ဦး လှည့်လည်သွားလာနေသည်။ လက်နှစ်ဖက်တွင် ကတ်ကြေးနှင့် သစ်သားတူကို ကိုင်ဆောင်ထားကာ သင့်အခန်းအပြင်ဘက်တွင် လျှောက်သွားနေခြင်း။ အော်ဟစ်လန့်ဖြတ်မှုအဆင့် - ၁ ကြယ်
– တတိယမြောက် လူနာဆောင် - စွန့်ပစ်ထားသော ဆေးရုံအဆောက်အအုံဟောင်းကြီးထဲမှ ညတိုင်း ရှင်းပြ၍မရသော အသံများ ထွက်ပေါ်နေသည်။ သင်သည် သတင်းထောက်တစ်ဦးအနေဖြင့် ဤနက်နဲသောအမှောင်ထု၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် တာဝန်ယူရမည်။ အော်ဟစ်လန့်ဖြတ်မှုအဆင့် - ၃ ကြယ်
– သရဲခြောက်သော နိဗ္ဗာန်ယာဉ် - အလောင်းခေါင်းတင်ထားသော နိဗ္ဗာန်ယာဉ်နှင့်အတူ ထွက်ခွာခြင်း၊ တစ်နာရီအတွင်း ထွက်မပြေးနိုင်ပါက နိဗ္ဗာန်ယာဉ်ထဲတွင် ထာဝရ နေရလိမ့်မည်။ အော်ဟစ်လန့်ဖြတ်မှုအဆင့် - ၂ ကြယ်
နေ့စဉ်တာဝန် - ပိုမိုခြောက်ခြားဖွယ်ကောင်းသော ဇာတ်ကွက်များကို သော့ဖွင့်နိုင်ရန် သရဲအိမ်မှပေးအပ်သော နေ့စဉ်တာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်ပါ။ ဆုလာဘ်များသည် တာဝန်၏ ခက်ခဲမှုအဆင့်နှင့် ကိုက်ညီမှုရှိမည်။
သရဲအိမ် တိုးချဲ့ခြင်းအတွက် သတ်မှတ်ချက်များ - လစဉ်လာရောက်သူအရေအတွက် ၁၀၀ အထက် ရှိရမည်။ နာမည်ကောင်းရရှိမှု ၆၀ ရာခိုင်နှုန်းအထက် ရှိရမည်။ (၃ ကြိမ် တိုးချဲ့ပြီးနောက် သရဲအိမ်သည် 'တုန်လှုပ်ချောက်ချားဖွယ် ဝင်္ကပါ' အဖြစ်သို့ အဆင့်မြင့်တက်သွားမည်။)
သရဲခြောက်သော ကံဆိုးမိုးမှောင်ကျ ကံစမ်းဘီး (ကံစမ်းဘီးလှည့်ရန် သရဲအိမ်သို့ လာရောက်သူများထံမှ ရရှိသော ထိတ်လန့်မှုအမှတ်များကို အသုံးပြုပါ) - အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း အမိန့်စာချွန်လွှာဆိုသည်မှာ လူသားတို့၏ ဆုံးဖြတ်ချက် မဟုတ်ပေ။ ကံကောင်းခြင်းနှင့် ကံဆိုးခြင်းမှာ လက်တစ်သစ်သာ ကွာခြားသည်။ သင့်သက်တမ်းကို တိုးစေမည့် ဝိညာဉ်သစ်သီးများ ရှိသကဲ့သို့ နာကြည်းချက်များ ပြည့်နှက်နေသော ရက်စက်ကြမ်းကြုတ်သည့် မိစ္ဆာတစ္ဆေများလည်း ရှိနေသည်။
အခြားလုပ်ဆောင်ချက်များ - သော့မဖွင့်ရသေးပါ။