အခန်း ၈၆ - နက်မှောင်သော စစ်တုရင်နယ်ရုပ်ကို တစ်ဖန်ပြန်တွေ့ခြင်း
ထိုအရာ ထွက်ပြေးသွားသည်ကို ကျိယွမ် ကြည့်နေမိသော်လည်း အလောတကြီး လိုက်မဖမ်းမိပါ။ ၎င်းမှာ အဘယ်အရာဖြစ်သည်ကို သူ သိရှိပြီးဖြစ်သကဲ့သို့ ပိုမိုရိုးရှင်းပြီး ထိရောက်သည့် ဖြေရှင်းနည်းလည်း သူ့တွင် ရှိနေသည်။ သန်းခေါင်ယံအချိန်၌ တောတောင်ထဲသို့ ထိုအရာနောက် လိုက်လံဖမ်းဆီးနေရန် မလိုပေ။ ဖန့်ချိုး တစ်ခုခု ဖြစ်မဖြစ် အရင်သွားကြည့်ခြင်းက ပို၍ အရေးကြီးသည်။
အခြားတစ်ဖက်တွင်မူ ဖန့်အိမ်တော်အတွင်း၌ မိခင်နှင့်သားဖြစ်သူတို့မှာ လန့်နိုးနေကြပြီ ဖြစ်သည်။
ဖန့်ချိုး၏မိခင်ဖြစ်သူ တိန်အမေသည် စောင်ကိုဖယ်ကာ အပေါ်အင်္ကျီကို ကမန်းကတန်းဝတ်ပြီး သားဖြစ်သူ၏ အခန်းသို့ အပြေးအလွှား သွားကြည့်လေသည်။ အခန်းထဲတွင် ဖန့်ချိုးသည် မျက်နှာတစ်ခုလုံး ဖြူလျော့ကာ အနည်းငယ် တုန်ရင်လျက် အသက်ကို ပြင်းပြင်းရှူရင်း ခုတင်ပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
“ချိုးအာ... အဆင်ပြေရဲ့လား။ ဘာဖြစ်လို့လဲ။ ခုနက ကြားလိုက်ရတဲ့ အသံက ဘာအသံလဲ”
တိန်အမေသည် ပျာပျာသလဲနှင့် ဟိုဟိုဒီဒီ ကြည့်ရှုစစ်ဆေးပြီး သားဖြစ်သူ၏ဘေးတွင် ဝင်ထိုင်ကာ ပါးပြင်ကို အုပ်ကိုင်လိုက်ရာ တစ်မျက်နှာလုံး ချွေးများဖြင့် ရွဲနစ်နေသည်ကို တွေ့လိုက်ရသည်။
“အမေ... အမေ... သား အိပ်မက်ဆိုး မက်လို့ပါ... ဟူး...”
ဖန့်ချိုး၏ စကားလုံးများမှာ ထစ်ငေါ့နေသည်။ ခုနက မက်ခဲ့သည့် အိပ်မက်မှာ အရင်က မက်နေကျ အိပ်မက်ဆိုးမျိုးပင် ဖြစ်သော်လည်း ရုတ်တရက် အိပ်မက်ထဲတွင် တောက်ပသော အလင်းတန်းတစ်ခု ပေါ်လာပြီး အဆုံးအစမရှိသော မီးလျှံများ တောက်လောင်လာခဲ့သည်။ ထိုမီးလျှံများ၏ အလယ်တွင် ပုပ်ပွနေသော ကြောက်မက်ဖွယ် သတ္တဝါကြီးတစ်ကောင် ပေါ်လာပြီး မီးလောင်ကျွမ်းခြင်းကို ခံလိုက်ရသည်။
သတ္တဝါကြီး၏ အော်ဟစ်သံမှာ အိပ်မက်ထဲတွင်သာမက အခန်းထဲ၌ပါ ပဲ့တင်ထပ်သွားခဲ့ပြီး ဖန့်ချိုးကို လန့်နိုးသွားစေခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်မှာပင် အိမ်အပြင်ဘက်မှ တံခါးခေါက်သံနှင့်အတူ ကျိယွမ်၏ စိုးရိမ်တကြီး မေးမြန်းသံ ထွက်ပေါ်လာသည်။
“ကိုဖန့်... အန်တီတိန်... ဘာဖြစ်လို့လဲခင်ဗျ။ ခုနက အော်သံကြားလို့။ အားလုံး အဆင်ပြေကြရဲ့လား”
“ဒေါက် ဒေါက် ဒေါက်...”
အပြင်ဘက်မှ ကျိယွမ်၏ ကြည်လင်ပြတ်သားသော အသံကို ကြားလိုက်ရသဖြင့် အိမ်ထဲရှိ လူနှစ်ဦးမှာ အနည်းငယ် စိတ်အေးသွားကြသည်။ လူသံသူသံ ကြားရခြင်းက ကြောက်စိတ်ကို ပြေလျော့စေသည် မဟုတ်ပါလား။
“အမေ... သွားပြီး ဆရာကျိအတွက် တံခါးဖွင့်ပေးလိုက်ပါဦး”
ဖန့်ချိုးက စိတ်ကိုတည်ငြိမ်အောင် ထိန်းကာ ပြောလိုက်သည်။ တိန်အမေသည်လည်း ထိုင်နေရာမှ ထကာ ရှေ့ခန်းသို့ သွားလိုက်သည်။
သူမသည် တံခါးမင်းတုတ်ကို ဖြုတ်ကာ တံခါးဖွင့်ပေးလိုက်ရာ အပြင်တွင် စိုးရိမ်ပူပန်နေသော မျက်နှာထားဖြင့် ကျိယွမ် ရပ်နေသည်ကို တွေ့လိုက်ရသည်။
“အန်တီတိန်... ဘာမှမဖြစ်ဘူးမလား”
“ဘာမှမဖြစ်ပါဘူးကွယ်... အားလုံး အဆင်ပြေပါတယ်။ ချိုးအာ အိပ်မက်ဆိုး မက်လိုက်လို့ ထင်တယ်...”
“ဟုတ်လား... အန်တီတို့ ဘာမှမဖြစ်ဘူးဆိုရင် တော်ပါသေးတယ်။ ကျွန်တော် ကိုဖန့်ကို သွားကြည့်လိုက်ဦးမယ်”
စကားပြောအပြီးတွင် ကျိယွမ်နှင့် တိန်အမေတို့သည် ဖန့်ချိုး၏ အခန်းထဲသို့ အတူတူ ဝင်လာခဲ့ကြသည်။
“ကိုဖန့်... ခုနက အိပ်မက်ဆိုး ထပ်မက်ပြန်ပြီလား”
ကျိယွမ်က စကားပြောရင်း ဘေးနားရှိ မီးခတ်တံကိုယူကာ မီးမှုတ်ပြီး အခန်းထဲရှိ ဆီမီးခွက်ကို ထွန်းလိုက်သည်။
အလင်းရောင် ရလာသည်နှင့် ဖန့်ချိုး၏ မျက်နှာမှာ သိသိသာသာ လန်းဆန်းလာသည်။
“အဆင်ပြေပါတယ်... ဆရာကျိကို အနှောင့်အယှက် ပေးမိသလို ဖြစ်သွားရင် ခွင့်လွှတ်ပါ။ အိပ်မက်ထဲမှာ လန့်သွားရုံတင်ပါ၊ ဘာမှမဖြစ်ပါဘူး”
တိန်အမေသည် ရေတစ်ခွက် ယူလာပေးပြီး သားဖြစ်သူထံ ကမ်းပေးလိုက်စဉ် သားဖြစ်သူ၏ လက်တွင် ပုတီးကုံး မရှိတော့သည်ကို သတိပြုမိသွားသည်။
“ချိုးအာ... အမေ မင်းအတွက် တောင်းပေးထားတဲ့ ပုတီးကုံးက ဘယ်ရောက်သွားလဲ။ ဘာလို့ အမြဲမဆောင်ထားတာလဲ”
“အာ... ပုတီးက... အဲဒါက...”
ကျိယွမ်က အခြေအနေကို ရိပ်မိသဖြင့် ကမန်းကတန်း ဝင်ကူပြောပေးလိုက်သည်။
“ဒါ ကိုတိန်ရှင်းတို့အိမ်မှာ ကျန်ခဲ့တာ ဖြစ်မှာပါ”
“ဟုတ်တယ်... ဟုတ်တယ်... အမေ။ ကိုတိန်ရှင်းအိမ်မှာ ကျန်ခဲ့တာ ဖြစ်ရမယ်။ စိတ်မပူပါနဲ့၊ မပျောက်ပါဘူး!”
“မနက်ကျရင် သွားရှာဦးနော်။ အဲဒါက မင်းကို ဘေးကင်းအောင် စောင့်ရှောက်ပေးမယ့် အဆောင်လက်ဖွဲ့ပဲ။ ကြားလား”
တိန်အမေက တတွတ်တွတ် မှာကြားနေသည်။ ကျိယွမ်ကမူ ဖန့်ချိုး ဘာမှမဖြစ်သည်ကို မြင်ရသဖြင့် စိတ်အေးသွားရသည်။ ဖန့်ချိုး၏ ကိုယ်တွင်းစွမ်းအားနှင့် အသက်ဓာတ် အနည်းငယ် အားနည်းနေသော်လည်း ၎င်းမှာ အလွန်အမင်း ထိတ်လန့်သွားခဲ့ရခြင်းကြောင့်သာ ဖြစ်သည်။
နောက်တစ်နေ့ နံနက်စောစောတွင် ကျိယွမ်သည် မနက်စာစားပြီး လမ်းလျှောက်ဦးမည်ဟု အကြောင်းပြကာ ဖန့်အိမ်တော်မှ ထွက်လာပြီး တိန်ရှင်းကို တိတ်တဆိတ် သွားရှာလိုက်သည်။
တိန်အိမ်၏ မီးဖိုချောင်ထဲတွင် ဆန်ပြုတ်သောက်နေသော တိန်ရှင်းသည် ကျိယွမ်၏ စကားကို ကြားလိုက်ရသောအခါ အံ့အားသင့်သွားသည်။
“ဖန့်မိသားစုရဲ့ ဘိုးဘွားသင်္ချိုင်း? ဘာလို့ အဲဒါကို မေးတာလဲ ဆရာ”
ကျိယွမ်သည် တိန်အိမ်ရှိ ထိုင်ခုံပုလေးပေါ်တွင် အေးအေးလူလူ ထိုင်နေပြီး မျက်နှာတွင် အနည်းငယ် ပြုံးယောင်သန်းလျက် ရှိသည်။
“ကျွန်တော် သွားကြည့်ချင်ရုံသက်သက်ပါလို့ ပြောရင် ကိုတိန်ရှင်း ယုံမလား”
တိန်ရှင်းက ခေါင်းခါလိုက်သည်။
“ဆရာ ကျိကလည်း နောက်နေပြန်ပြီ။ ဆရာက ဖန့်မိသားစုနဲ့ အခုမှ သိတာလေ၊ သူတို့ ဘိုးဘွားတွေကို သွားပြီး ကန်တော့ဖို့ မလိုပါဘူး”
မနေ့က ခင်မင်ခဲ့ကြသဖြင့်လည်းကောင်း၊ ပညာတတ်တစ်ဦးကို လေးစားသဖြင့်လည်းကောင်း၊ ဤရွာရှိ လူအားလုံးက ကျိယွမ်ကို လေးစားသော အသုံးအနှုန်းဖြင့်သာ ခေါ်ဝေါ်ကြသည်။
“ကိုတိန်ရှင်း... မနေ့ညက ဖန့်အိမ်ဘက်ကနေ ထွက်လာတဲ့ အော်သံကို ကြားလိုက်လား”
“ကြားတာပေါ့ ဆရာရယ်။ အဲဒါကို မေးမလို့ပဲ။ မနေ့ညက ဘာသံတွေလဲ။ ကျွန်တော်ကတော့ တောကောင်တစ်ကောင်ကောင်များလားလို့ ထင်နေတာ။ အခုကြည့်ရတာ ဖန့်ချိုးအိမ်က ဖြစ်မယ်ထင်တယ်”
“ဟားဟား... သွားကြစို့၊ ဟိုရောက်ရင် သိပါလိမ့်မယ်”
ကျိယွမ်က စကားအများကြီး မပြောသော်လည်း သူ၏ လေသံမှာ တစ်ဖက်လူ ယုံကြည်လာအောင် ဆွဲဆောင်နိုင်စွမ်း ရှိသည်။ တိန်ရှင်းသည် ဇဝေဇဝါဖြစ်သော်လည်း သိလိုစိတ်ဖြင့် ဆန်ပြုတ်ကို အမြန်သောက်လိုက်ပြီး ကျိယွမ်ကို ရွာနောက်ဖက်ရှိ တောင်ကုန်းဆီသို့ ခေါ်ဆောင်သွားလေသည်။
လမ်းမှာ သိပ်မဝေးလှပေ။ ဆယ့်ငါးမိနစ်ခန့် လမ်းလျှောက်တက်ပြီးနောက် သင်္ချိုင်းဂူအချို့ကို စတင်တွေ့မြင်လာရသည်။ ချိုင့်ဝှမ်းငယ်လေးတစ်ခု၏ ထောင့်တွင် ဖန့်မိသားစု၏ ဂူအချို့ကို တွေ့လိုက်ရသည်။
“ဆရာကျိ... ဒါပါပဲ။ အား... ဘာလို့ ဒီလောက်တောင် အေးစက်နေရတာလဲ...”
ဓားမတစ်လက်ကို ကိုင်ထားသော တိန်ရှင်းသည် မြေပုံများကို ညွှန်ပြရင်း ချမ်းလွန်းသဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်ကာ ပြောလိုက်သည်။
ကျိယွမ် တစ်ခုခု ဒုက္ခပေးမည်ကို တိန်ရှင်း မစိုးရိမ်ပေ။ ပထမအချက်မှာ ကျိယွမ်ကို သူယုံကြည်သည်။ ဒုတိယအချက်မှာ ဤပညာတတ်ကြီးသည် အလွန် ပိန်လှီလှပြီး သူ၏ ပေါင်မှာ တိန်ရှင်း၏ လက်မောင်းလောက်ပင် မရှိချေ။ တိန်ရှင်း ခွင့်မပြုဘဲ သူ ဘာများ လုပ်နိုင်မည်နည်း။
“ကောင်းပြီ!”
ကျိယွမ်သည် ဂူများနားသို့ တိုးသွားသည်။ သူ၏ မျက်လုံးများက မြေပုံလေးခုလုံးကို ဝေ့ကြည့်လိုက်ပြီးနောက် အနောက်ဘက် အကျဆုံးနှင့် အနိမ့်ဆုံးနေရာရှိ ဂူဆီသို့ လျှောက်သွားကာ ဂူရှေ့ရှိ အနက်ရောင် ပြာမှုန့်အချို့ကို လက်ဖြင့် ထိကြည့်လိုက်သည်။
သူသည် ဂူပေါ်ရှိ စာတန်းကို ဖတ်ကြည့်လိုက်ရာ “ခမည်းတော် ဖန့်ရှန်းဟန့်နှင့် သားဖြစ်သူ ဖန့်ချိုးလီတို့၏ ဂူ” ဟု တွေ့ရသည်။
“ကိုတိန်ရှင်း... အဝတ်အစားတွေ ရေမစိုအောင် ခပ်လှမ်းလှမ်းမှာ သွားရပ်နေပါ”
ကျိယွမ်က သတိပေးလိုက်သည်။ သူသည် ညာဘက်လက်ကို ဆန့်ထုတ်ကာ လက်ညှိုးနှင့် လက်ခလယ်ကို စုလိုက်ပြီး ဓားသဏ္ဌာန် ပြုလုပ်၍ ဂူဆီသို့ ညွှန်လိုက်သည်။ သူ၏ လက်ချောင်းထိပ်တွင် ဖောက်ထွင်းမြင်ရသည့် နယ်ရုပ်လေးတစ်ခု ပေါ်လာပြီး အထဲမှ တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်သကဲ့သို့ ပြုလုပ်လိုက်သည်။
“ဝေါ... ရှူး...”
အဝတ်အစားတွေ ရေမစိုစေနဲ့ ဟုတ်လား?
ရေသံကြားသဖြင့် တိန်ရှင်း အံ့အားသင့်သွားစဉ် ဖန့်မိသားစု အကြီးအကဲ၏ ဂူထဲမှ ညစ်ညမ်းသော ရေမည်းများမှာ နဂါးတစ်ကောင်ကဲ့သို့ ဂူပြင်သို့ ပန်းထွက်လာသည်ကို တွေ့လိုက်ရသည်။ ထိုရေများသည် မြေပြင်မှ တစ်ပေခန့် မြင့်တက်လာပြီးနောက် တောင်စောင်းအတိုင်း တစ်ဖက်သို့ စီးကျသွားသည်။
ပတ်ဝန်းကျင်မှာ ပိုမိုအေးစက်လာပြီး တစ်ချိန်တည်းမှာပင် မခံမရပ်နိုင်အောင် နံစော်သော အနံ့ဆိုးကြီးတစ်ခု ပျံ့လွင့်လာသဖြင့် တိန်ရှင်းမှာ ပျို့အန်မတတ် ဖြစ်သွားရသည်။
“ဝူး...!”
ဂူထဲမှ အက်ရှရှ အသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ထိတ်လန့်နေသော တိန်ရှင်းမှာ ကြောက်အားလန့်အားဖြင့် နောက်သို့ ဆုတ်လိုက်ရာ မြေပြင်ရှိ ကျောက်ခဲများနှင့် တိုက်မိကာ လဲကျလုနီးပါး ဖြစ်သွားသည်။
“ဆရာ... ဆရာကျိ...!”
“မကြောက်ပါနဲ့၊ ကျွန်တော် ရှိနေသရွေ့ ဘာမှမဖြစ်စေရဘူး!”
ကျိယွမ်သည် ညာဘက်လက်ကို အသုံးပြုကာ ညစ်ညမ်းသော ရေများအားလုံးကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ဘယ်ဘက်လက်ဖြင့် မီးတောက်နေသော မီးစာတစ်ခုကို ပန်းတစ်ပွင့်ကို ခူးယူလိုက်သကဲ့သို့ လေထဲမှ ဖမ်းယူလိုက်သည်။ ထိုမီးစာကို သူ့ရှေ့တွင် ကိုင်ထားပြီး ပါးစပ်မှ အသာအယာ မှုတ်ထုတ်လိုက်ရာ မီးစာသည် လေထဲတွင် ဝဲပျံရင်း ရေထွက်လာသည့် ဂူပေါက်လေးထဲသို့ တိုးဝင်သွားလေသည်။
“ဝုန်း!”
ဂူထဲတွင် မီးများ ဟုန်းခနဲ တောက်လောင်သွားပြီး ဂူပေါက်လေးမှတစ်ဆင့် အလင်းရောင်များ ထွက်ပေါ်လာသည်။
“အား... ဝူး...!”
ဂူထဲမှ ကြောက်မက်ဖွယ် အော်ဟစ်သံမှာ အက်ရှရှအသံမှသည် ပြင်းပြသော နာကျင်သံအဖြစ်သို့ ပြောင်းလဲသွားသည်။ တိန်ရှင်းမှာ မျက်နှာတစ်ခုလုံး ဖြူလျော့ကာ ကိုယ်လက်များ တုန်ရီလျက် နားကိုသာ ပိတ်ထားမိတော့သည်။
ခဏအကြာတွင် အသံများ အားလုံး ငြိမ်သက်သွားသည်။
ကျိယွမ်သည် အသာအယာ သက်ပြင်းချလိုက်သည်။ ၎င်းမှာ အမှန်တကယ်ပင် အကောင်ပေါက်နေသော အလောင်းတစ်လောင်း ဖြစ်နေခဲ့သည်။
“မြေမှဖြစ်၍ မြေသို့သာ ပြန်စေ... ကဲ ကိုတိန်ရှင်း သွားကြရအောင်။ နောက်ဆိုရင် ကိုဖန့်ချိုးကို ပြောလိုက်ပါ၊ သူ့အဖေရဲ့ ဂူကို နေရောင်ကောင်းကောင်းရပြီး နည်းနည်းပိုမြင့်တဲ့ နေရာကို ရွှေ့ခိုင်းလိုက်ပါ။ မရွှေ့လည်း ပြဿနာတော့ မရှိတော့ပါဘူး။ ဒါနဲ့ ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောပါနဲ့ဦး”
“ဟုတ်... ဟုတ်ကဲ့ပါ ဆရာ။ ကျွန်တော် သိပါပြီ။ ဆရာ... ဆရာ... ခဏစောင့်ပါဦး!”
တိန်ရှင်းမှာ ခြေထောက်များ တုန်နေသဖြင့် အမြန်ထွက်ခွာသွားသော ကျိယွမ်နောက်သို့ အမှီလိုက်ရသည်။ တစ်ယောက်တည်း ကျန်ရစ်ခဲ့မည်ကို သူ အလွန်စိုးရိမ်နေမိသည်။
ကျိယွမ်က ရှေ့မှ လျှောက်သွားပြီး တိန်ရှင်းက နောက်မှ ကပ်လိုက်လာသည်။ တိန်ရှင်းမှာ တုန်တုန်ရင်ရင် ဖြစ်နေဆဲဖြစ်သော်လည်း ကျိယွမ်၏ စိတ်ထဲတွင်မူ အတွေးကိုယ်စီ ရှိနေသည်။ သူ၏ လက်အင်္ကျီထဲသို့ ပြန်ထည့်လိုက်သော အရောင်မဲ့ နယ်ရုပ်လေးမှာ အနက်ရောင်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
‘တကယ်ပဲ အနက်ရောင် နယ်ရုပ် ဖြစ်သွားပြန်ပြီလား?’
ကျိယွမ်အတွက်မူ ဤကိစ္စမှာ ပြီးဆုံးသွားပြီ ဖြစ်သဖြင့် သူရင်းနှီးခဲ့သော အိမ်ထောင်စုလေးစုကို နှုတ်ဆက်လိုက်သည်။ ရွာသားများအတွက်မူ ဤသည်မှာ ရုတ်တရက် ခွဲခွာခြင်းမျိုး မဟုတ်ပေ။ အကြောင်းမှာ ကျိယွမ်သည် ချင်းရွှေခရိုင်၏ လမ်းမကြီးအတိုင်း ခရီးဆက်ရန် မူလကပင် ရည်ရွယ်ထားသောကြောင့် ဖြစ်သည်။
ရွာသားများသည် အလွန်ဖော်ရွေကြပြီး ကျိယွမ်ကို လမ်းဆုံအထိ လိုက်လံပို့ဆောင်ကြသည်။ တိန်ရှင်းက ကျိယွမ်အတွက် ဝါးရွက်ဖြင့် ထုပ်ထားသော ယုန်ခြေထောက်ကြော်တစ်ထုပ်ကို လက်ဆောင်ပေးလိုက်သေးသည်။
“ကဲ အားလုံးပဲ... ကျွန်တော် ဒီကပဲ နှုတ်ဆက်ခဲ့ပါတော့မယ်။ ကိုဖန့်... တောင်ပေါ်က ဘုရားကျောင်းမှာ ဆုတောင်းဖို့ မမေ့နဲ့ဦးနော်၊ ပြီးတော့ မြေစောင့်နတ်ကျောင်းမှာလည်း အမွှေးတိုင် သွားထွန်းဦး။ ဒါဆိုရင် အိပ်မက်ဆိုး မက်တဲ့ ပြဿနာ သက်သာသွားပါလိမ့်မယ်”
“ဟုတ်ကဲ့ပါ ဆရာ... ဆရာပြောတဲ့အတိုင်း လုပ်ပါ့မယ်!”
ဖန့်ချိုးက ပြုံးလျက် ပြန်ဖြေသည်။ ကျိယွမ်သည် သူ့ကို ပုတီးအသစ် အမြန်ဝယ်ရန် သွယ်ဝိုက်ပြီး သတိပေးနေသည်ဟု သူ ထင်နေမိသည်။
“ဒါဆိုရင် အားလုံးပဲ... နောက်မှ ပြန်ဆုံကြတာပေါ့!”
ကျိယွမ်က မိသားစုလေးစုလုံးကို အရိုအသေပေး နှုတ်ဆက်လိုက်ရာ ရွာသားများကလည်း ကယောင်ကတမ်းဖြင့် ပြန်လည်အလေးပြုရင်း “လမ်းခရီး ချောမွေ့ပါစေ”၊ “ဂရုစိုက်ပြီး သွားပါ” ဟု နှုတ်ဆက်ကြလေသည်။
ထွက်ခွာသွားသော ကျိယွမ်၏ ကျောပြင်ကို ကြည့်ရင်း တိန်ရှင်းက ဖန့်ချိုးကို ရုတ်တရက် ပြောလိုက်သည်။
“ဖန့်ချိုး... ဆရာကြီးကို ဦးချလိုက်စမ်း!”
“ဘာလဲ...”
ဖန့်ချိုး ဇဝေဇဝါ ဖြစ်သွားသည်။
“ဘာလို့ ဦးချရမှာလဲ”
ဆရာကျိက လူကောင်းတစ်ယောက်ဖြစ်ပြီး ပညာတတ်မှန်း သိသော်လည်း ဦးချရလောက်အောင်အထိတော့ မလိုဟု သူထင်သည်။ အခြားသူများလည်း ထိုကဲ့သို့ မလုပ်ကြပေ။
“ရပါတယ်... ထားလိုက်တော့...”
တိန်ရှင်းက စကားလွှဲလိုက်ပြီး အားလုံး လူစုကွဲသွားလျှင် ဆရာကျိနောက်သို့ တိတ်တဆိတ် လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။ သူသည် စိတ်လှုပ်ရှားစွာဖြင့် ရွာပြင်သို့ ထွက်လာပြီး တစ်နာရီခန့် အပြေးလိုက်သော်လည်း ကျိယွမ်ကို ရှာမတွေ့တော့ပေ။ စောစောက စိတ်လှုပ်ရှားနေခဲ့သော တိန်ရှင်းမှာ ယခုတော့ စောင့်မနေဘဲ ချက်ချင်းလိုက်မလာခဲ့မိသည်ကို နောင်တရနေတော့သည်။