
အခန်း (၁) လက်ဆောင်ပေးခြင်းဖြင့် ချိတ်ဆက်သောစနစ်
တိမ်ပျံတောင်တန်း၊ ငွေလမင်း ဈေးတန်း။
အေးစက်လှသောလေပြင်းများ တိုက်ခတ်လာပြီး တစ်စုံတစ်ရာကို ပြင်းထန်စွာ ဝင်တိုက်မိသံကြောင့် ယဲ့ချန် တစ်ယောက် ရုတ်တရက် လန့်နိုးသွားခဲ့သည်။ သွေးကြောများနီရဲနေသော သူ၏မျက်လုံးများ ပွင့်လာသည်။ သူ၏ရှေ့တွင်တော့ အပူငွေ့မပြယ်သေးသော ဧရာမ အဂ္ဂိရတ်မီးဖိုကြီးတစ်ခုရှိနေပြီး တစ်ခုခု တူးသွားသည့် အနံ့က လေထုထဲတွင် စွဲထင်နေဆဲဖြစ်သည်။
အခန်းတစ်ခုလုံး ရှုပ်ပွနေသည်။ အဝတ်အစားများ၊ ဆေးဘက်ဝင်အပင်များနှင့် ပုလင်းခွက်ယောက် အမျိုးမျိုးတို့က ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေလေသည်။
ထိုရှုပ်ပွနေသည့်မြင်ကွင်းကို ကြည့်ရင်း ယဲ့ချန် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ တကယ်ကြီး သူ အခြားကမ္ဘာတစ်ခုဆီ ကူးပြောင်းလာခဲ့တာပဲ။ သူ ဒီကမ္ဘာကို ရောက်လာခဲ့သည်မှာ သုံးရက်တောင် ရှိနေပြီဖြစ်သည်။ သို့သော်လည်း သူက ဒီကမ္ဘာသစ်ကိုရော၊ သူ၏ လက်ရှိကိုယ်ပိုင်အမှတ်အသားကိုပါ ယခုတိုင် အသားမကျနိုင်သေးပေ။ အရာအားလုံးထက် သူ အိမ်ကိုသာ အလွန်အမင်း ပြန်ချင်နေမိသည်။
ယခင်ဘဝတုန်းကတော့ သူသည် သက်သောင့်သက်သာ နေထိုင်ရသည့် ရုံးဝန်ထမ်းတစ်ယောက် ဖြစ်ခဲ့သည်။
သို့ပေမယ့် ဒီနေရာမှာ သူ ဆက်ခံလိုက်ရတဲ့ ဘဝကရော။ အဂ္ဂိရတ်ပညာကို အသင့်အတင့် နားလည်ထားသည့် အသက်ဆယ့်ရှစ်နှစ်အရွယ် သာမန်မိသားစုငယ်လေးတစ်ခုမှ လူငယ်တစ်ယောက်။ တကယ်ဆိုလျှင် သူက မိသားစု၏ ထောက်ပံ့မှုများကို ခံယူပြီး သူ၏ အဂ္ဂိရတ်ပညာရပ်ကို ဆက်လက် လေ့ကျင့်ကာ စွမ်းအင်များ ကျင့်ကြံရမည်ဖြစ်သည်။
သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် သူသည် ငွေရှာရန်အတွက် ငွေလမင်း ဈေးတန်းရှိ ဆိုင်တစ်ဆိုင်တွင် အဂ္ဂိရတ်ပညာရှင်အဖြစ် အလုပ်လုပ်ရန် စေလွှတ်ခြင်း ခံခဲ့ရသည်။
ပြဿနာက သူ၏ အဂ္ဂိရတ်ပညာရပ်က သာမန်အဆင့်မျှသာ ဖြစ်နေခြင်းဖြစ်သည်။ ဆေးဖော်စပ်ရာတွင် အောင်မြင်နိုင်စွမ်းက သာမန် အဂ္ဂိရတ်ပညာရှင်တစ်ယောက်၏ ထက်ဝက်ခန့်သာ ရှိလေသည်။
သူ အရည်အချင်းမရှိဘူးဆိုတာကို ဘယ်သူမှ သိသွားခွင့်ပေးလို့ မဖြစ်ပေ။ ဈေးတန်းတွင် အဂ္ဂိရတ်ပညာရှင်တစ်ယောက်အဖြစ် အလုပ်လုပ်ရခြင်းက ဝင်ငွေကောင်းသော အလုပ်တစ်ခုဖြစ်ရာ ပြိုင်ဆိုင်မှုတွေကလည်း မနည်းလှပေ။ အကယ်၍ သူသာ ကျရှုံးသွားပြီး အခြားအလုပ်တစ်ခုခု ပြောင်းလုပ်ရမည်ဆိုလျှင် ထိုအရာက ပိုမိုခက်ခဲပင်ပန်းပြီး အန္တရာယ်လည်း ပိုများပေလိမ့်မည်။
ယခင်ခန္ဓာကိုယ်ပိုင်ရှင်သည် သူ၏စွမ်းရည်များ တိုးတက်လာစေရန်နှင့် မိသားစု၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကြောက်ရွံ့စိုးရိမ်စိတ်များနှင့်အတူ ညပေါင်းများစွာ အိပ်ရေးခံကာ ဆေးလုံးများကို အသည်းအသန် ဖော်စပ်ခဲ့ပုံရသည်။ ထို့ကြောင့်ပင် အလုပ်ဒဏ်ပိပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်ရမည်။
ထိုအချိန်မှာပင် ယဲ့ချန်က ဤခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပူးကပ်လာခဲ့ခြင်းဖြစ်သည်။
ယခုတော့ ထိုစိန်ခေါ်မှုများအားလုံး ယဲ့ချန်အပေါ်သို့ ကျရောက်လာခဲ့ပြီဖြစ်သည်။ သူရောက်လာပြီး ရက်ပိုင်းအတွင်း၌ သူ့ထံတွင် ပါရမီအနည်းငယ်လောက်များ ရှိနေမလားဆိုသည့် မျှော်လင့်ချက်ဖြင့် အဂ္ဂိရတ်ပညာကို စမ်းသပ်လုပ်ကိုင်ကြည့်ခဲ့သေးသည်။ သို့ရာတွင် ယခင်ခန္ဓာကိုယ်ပိုင်ရှင်၏ အားနည်းလှသော အခြေခံနှင့် သေချာလမ်းညွှန်သင်ကြားပေးခြင်းမရှိသော ဆရာတစ်ယောက်ကြောင့် ယဲ့ချန်၏ မှတ်ဉာဏ်များက ရှုပ်ထွေးနေခဲ့သည်။ နှစ်ရက် သုံးရက်ခန့် ကြိုးစားကြည့်ပြီးနောက် သူ၏ရလဒ်များက ယခင်လူထက်ပင် ပို၍ဆိုးရွားနေခဲ့သည်။
ယခုတော့ ယဲ့ချန် လုံးဝကို လက်လျှော့လိုက်ပြီဖြစ်သည်။ သူ မိသားစုကို စွန့်ပစ်ပြီး ထွက်သွားသင့်သလားဟုပင် စတင်တွေးတောနေမိသည်။ သာမန်လူသားများနေထိုင်ရာ မြို့တစ်မြို့ကိုရှာပြီး ဘုန်းကြီးကျောင်းတွင် ကပ္ပိယတစ်ယောက်အနေဖြင့် ကျန်ရှိနေသည့်ဘဝကို ဖြတ်သန်းလိုက်လျှင် ကောင်းမလားဟုလည်း တွေးမိသည်။
သို့သော်ငြားလည်း ကျင့်ကြံခြင်းလမ်းစဉ်ဆိုသည်မှာ အလွန်တရာ အန္တရာယ်များလှသည်။ အဆင့်မတက်နိုင်ဘဲ အချည်းနှီး အချိန်ဖြုန်းနေရသော ကျင့်ကြံသူများစွာလည်း ဒုနဲ့ဒေးပင်။ လက်ရှိ ချီသန့်စင်ခြင်း အဆင့်(၂) သာရှိသေးသော သူ၏ ကျင့်ကြံမှုအဆင့်ဖြင့်တော့ ယဲ့ချန်အနေနှင့် ကောင်းမွန်သော ဆက်ဆံရေးမျိုးရရှိရန် ခက်ခဲလှပေလိမ့်မည်။
ဈေးတန်း၏ အပြင်ဘက်ဒေသကလည်း ဘေးကင်းလုံခြုံခြင်းမရှိပေ။ သူတစ်ပါးကို လုယက်တိုက်ခိုက်ရန် အထူးကျွမ်းကျင်သော ကျင့်ကြံသူများစွာရှိပြီး သူတို့လက်ထဲသာ မိသွားခဲ့လျှင် သူ၏ဘဝက ဇာတ်သိမ်းသွားပေလိမ့်မည်။
အလွယ်ပြောရလျှင် ယဲ့ချန်သည် အချိန်ဖြုန်းပြီး သာမန်အေးအေးဆေးဆေး နေချင်လျှင်တောင်မှ ထိုသို့နေခွင့်မရှိပေ။
"ထားလိုက်တော့။ ဘာပဲဖြစ်ဖြစ် ငါ ဟန်ဆောင်နေတာတွေကို ရပ်လိုက်တော့မယ်..." ဟု ယဲ့ချန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ထိုသို့ပြောပြီးနောက် သူသည် ရုတ်တရက် မတ်တပ်ရပ်လိုက်ကာ တံခါးကို ဆွဲဖွင့်လိုက်သည်။ ဤကမ္ဘာသို့ ရောက်ရှိလာကတည်းက သူ့ထံတွင် တစ်စုံတစ်ရာ ထူးဆန်းနေသည်ကို အခြားသူများ ရိပ်မိသွားမည်ကို စိုးရိမ်သဖြင့် အခန်းတွင်း၌သာ ပုန်းအောင်းနေခဲ့သည်။ သို့သော် ယခုတော့ သူ ဂရုမစိုက်နိုင်တော့ပေ။ သို့သော်ငြား တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် ခြံဝင်းအတွင်းမှ အေးစက်လှသော လေပြင်းများက အခန်းတွင်းသို့ တိုးဝင်လာခဲ့သည်။
ယဲ့ချန် တစ်ကိုယ်လုံး ချမ်းတုန်သွားသဖြင့် အခန်းတွင်းသို့ အမြန်ပြန်ဝင်ကာ အနွေးထည်တစ်ထပ် ထပ်ဝတ်လိုက်သည်။ သူ အပြင်သို့ ပြန်ထွက်လာသောအခါ ခြံဝင်းအရှေ့ဘက်မှ လျှောက်လာသော လူတစ်ယောက်ကို မြင်လိုက်ရသည်။
ထိုသူမှာ အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော်လည်း သူမ၏ အသားအရေလောက်တော့ မဖြူဝင်းလှပေ။ သူမ၏ အသားအရေက နူးညံ့ပြီး သူမကိုယ်တိုင်ကပင် အလင်းရောင်များ ဖြာထွက်နေသကဲ့သို့ တောက်ပနေသည်။ သူမ၏ ကိုယ်ဟန်ကလည်း အလွန်ကျော့ရှင်းလှသည်။ အနည်းငယ်ထူထဲသော ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း သူမ၏ သွယ်လျသော ကိုယ်ဟန်နှင့် အချိုးအစားများက ပေါ်လွင်နေဆဲဖြစ်သည်။
သို့သော် ယဲ့ချန်၏ အာရုံကို အဖမ်းစားနိုင်ဆုံးအရာက သူမ၏ မျက်နှာလေးပင်ဖြစ်သည်။ နုပျိုတောက်ပပြီး သူမ၏ မျက်နှာကျက နူးညံ့သိမ်မွေ့လှသည်။ သူမ၏ လှပသော မျက်ဝန်းလေးများဖြင့် တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် မည်သူ့နှလုံးသားထဲတွင်မဆို ကြင်နာယုယချင်စိတ်နှင့် သနားချစ်ခင်စိတ်များကို လှုံ့ဆော်ပေးနိုင်စွမ်း ရှိလေသည်။
သူမကို မြင်လိုက်ရသည်နှင့် ယဲ့ချန်က သူမ မည်သူဖြစ်ကြောင်းကို ချက်ချင်း မှတ်မိသွားသည်။ သူမသည် ဆိုင်တွင် အလုပ်လုပ်နေသော ချီသန့်စင်ခြင်း အဆင့်(၃) ရှိ ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူမ၏ အလုပ်တာဝန်မှာ ဧည့်ကြို သို့မဟုတ် လမ်းညွှန်ပေးရခြင်း ဖြစ်ပုံရသည်။
"တာအိုရဲဘော် ယဲ့.. နောက်ဆုံးတော့ အပြင်ထွက်လာပြီပေါ့" သူမက ပြုံးလျက် ပြောလိုက်သည်။ "တာအိုရဲဘော် အခန်းထဲက မထွက်တာ ငါးရက်တောင် ရှိနေပြီဆိုတော့ အဂ္ဂိရတ်ဆေးဖော်ရင်းနဲ့များ အလုပ်ဒဏ်တွေ ပိနေမလားလို့ စိတ်ပူသွားတာ။ အခု ကိုယ်တိုင်လာကြည့်မှပဲ ကျန်းကျန်းမာမာရှိနေတာကို မြင်ရလို့ စိတ်အေးသွားတော့တယ်"
သူ၏ရှေ့တွင်ရှိနေသော လင်ခဲ့အာ၏ လှပသော မျက်နှာလေးပေါ်တွင် စိတ်သက်သာရာရသွားသည့် အမူအရာလေး ပေါ်လွင်နေသည်။
ဤမျှ လှပသော မိန်းမချောလေးတစ်ဦး၏ ဂရုစိုက်မှုကို ခံရသောအခါ ယဲ့ချန် တစ်ယောက် "အမေရေ.. သားတော့ သွားပြီထင်တယ်" ဟု တွေးနေသည့် ကျောင်းသားလေးတစ်ယောက်လို ရင်ခုန်စိတ်လှုပ်ရှားသွားမိသည်။ သို့သော် ယဲ့ချန်က ပို၍နားလည်ထားသည်။ ဤမိန်းမက ဟန်ဆောင်ကောင်းပြီး လှည့်စားတတ်သည့် 'လက်ဖက်စိမ်းမလေး' တစ်ယောက်ဆိုတာကိုပင်။
ယခင်ခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များအရဆိုလျှင် သူသည် ပြောပလောက်အောင် ကောင်းမွန်သည့် ဆေးလုံးများကို မဖော်စပ်နိုင်ခဲ့သော်လည်း သူမကိုတော့ မနည်းမနော ပေးခဲ့ဖူးသည်။
အရင် ယဲ့ချန်သည် ဤနေရာသို့ မလာရောက်မီကတည်းက ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ခဲ့သောကြောင့် အနည်းငယ် ရိုးအလှသည်။ ဤနေရာသို့ အပို့ခံရပြီးနောက် သူမ၏ နူးညံ့ချိုသာသော စကားများနှင့် အမူအရာများကြောင့် ပြုစားခံခဲ့ရပြီး လင်ခဲ့အာက သူ့အပေါ် ခံစားချက်ရှိနေသည်ဟု ယုံကြည်ခဲ့မိသည်။
ထို့ကြောင့် လင်ခဲ့အာက သူမ၏ လုပ်အားခမှာ အလွန်နည်းပါးလွန်းသဖြင့် အိမ်လခပေးရန်ပင် ခက်ခဲနေပြီး ဆေးလုံးများ ဝယ်ရန် မတတ်နိုင်ကြောင်း ပြောလိုက်သည့်အခါတွင် ယခင်ခန္ဓာကိုယ်ပိုင်ရှင်မှာ သူ ခက်ခက်ခဲခဲ ဖော်စပ်ထားသော ဆေးလုံးအချို့ကို သူမအား ချက်ချင်းပင် ပေးအပ်ခဲ့သည်။
ဤသည်ကို လင်ခဲ့အာက ဝမ်းသာအားရ ပြုံးပြခဲ့သည်။ ထိုအချိန်မှစ၍ သူမသည် သူ၏ လုပ်ရပ်ကို မကြာခဏ ထုတ်ဖော်ပြောဆိုကာ ယခင်ခန္ဓာကိုယ်ပိုင်ရှင်၏ အဂ္ဂိရတ်စွမ်းရည်နှင့် ဆေးလုံးများ၏ အရည်အသွေးကို မြှောက်ပင့်ချီးကျူးလေတော့သည်။ ထို့ကြောင့် အရင် ယဲ့ချန်မှာ အချစ်ကျွန်တစ်ယောက် ဖြစ်သွားခဲ့ရသည်။ အပတ်စဉ်တိုင်း သူသည် လင်ခဲ့အာကို ဆေးလုံးများ ပို၍ပေးခဲ့သည်။
ယခု ပြန်တွေးကြည့်သောအခါ ယဲ့ချန် စက်ဆုပ်ရွံရှာမိသလို ခံစားလိုက်ရသည်။ သူ၏ ယခင်ခန္ဓာကိုယ်ပိုင်ရှင်သည် မိမိကိုယ်ကိုပင် မနည်းရပ်တည်နေရသော်လည်း ကျင့်ကြံခြင်း ဆေးလုံးများကို သကြားလုံးများ ဝေငှနေသကဲ့သို့ ပေးကမ်းနေခဲ့ခြင်းဖြစ်သည်။
ယခင်ဘဝက ယဲ့ချန်သည် ဘယ်သောအခါမှ အချစ်ကျွန်တစ်ယောက် မဖြစ်ခဲ့ဖူးပေ။ သူ့တွင် ရည်းစားမရှားပါးခဲ့သောကြောင့် ငွေဆိုသည်မှာ မိန်းမများအပေါ် သုံးစွဲရန်မဟုတ်ဘဲ မိမိကိုယ်တိုင်အတွက်သာ သုံးစွဲရန်ဖြစ်ကြောင်း သူ ကောင်းကောင်း နားလည်ထားသည်။
ယခင်ဘဝက ယဲ့ချန်၏ လစာက မဆိုးလှပေ။ သူသည် ထိုငွေများကို အားကစားလုပ်ရန်၊ ခရီးသွားရန်၊ ကားဝယ်ရန်၊ အိမ်ဝယ်ရန်အတွက် အသုံးပြုခဲ့သည်။ သူ၏ဘဝက တက်ကြွပြီး ပြည့်စုံလုံလောက်ခဲ့သည်။ သူ လူမှုကွန်ရက်ပေါ်တွင် ပို့စ်တင်လိုက်တိုင်း ကောင်မလေးများ၏ ကွန်မန့်များဖြင့် ပြည့်နှက်နေတတ်သည်။
မိန်းကလေးများကို အလိုလိုက်နေရုံနှင့် သူတို့၏ နှလုံးသားကို ရရှိနိုင်မည်မဟုတ်ပေ။ တကယ်တမ်းတွင် ထိုသို့လုပ်ခြင်းက သူတို့ကို သင်သည် အလွယ်တကူ ငွေထုတ်ယူနိုင်သော ATM စက်တစ်လုံးအဖြစ်သာ မြင်သွားစေလိမ့်မည်။ သူတို့ လိုချင်တာ မှန်သမျှကို သင့်ဆီကနေ အကုန်အစင် စုပ်ယူပြီးသွားသည့်အခါ သင့်ကို အမှိုက်တစ်စလို ကန်ထုတ်သွားကြပေလိမ့်မည်။
သနားစရာကောင်းတဲ့အပြင် အချစ်ကျွန်တစ်ယောက် ဖြစ်နေခဲ့သေးတယ်။ ဒီအတွေးက ယဲ့ချန်ကို သူ၏ ယခင်ခန္ဓာကိုယ်ပိုင်ရှင်အပေါ် ပို၍ပင် မနှစ်မြို့ဖြစ်သွားစေသည်။
သူမက ဂရုစိုက်ပြလိုက်တိုင်း မျက်ရည်ကျမတတ် ကြည်နူးသွားတတ်သော ယဲ့ချန်၏ ပုံမှန်တုံ့ပြန်မှုမျိုး ယခုတစ်ကြိမ်တွင် မတွေ့ရကြောင်းကို လင်ခဲ့အာ သတိပြုမိသွားသည်။
သူမ၏ မျက်ဝန်းများထဲတွင် အံ့ဩသွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သို့သော်လည်း ပြီးခဲ့သည့်အကြိမ်က ယဲ့ချန်သည် သူမကို ချီစုစည်းခြင်း ဆေးလုံး ငါးလုံးတိတိ ပေးထားခဲ့သောကြောင့် သူမ သိပ်ပြီး မတွေးတောနေတော့ပေ။ ယဲ့ချန်၏ အဂ္ဂိရတ်စွမ်းရည်က ညံ့ဖျင်းပြီး ဆေးလုံးများမှာ အဆင့်နိမ့်ဖြစ်နေလျှင်တောင် အလကားရတာက အလကားရတာပင် မဟုတ်ပါလား။
လင်ခဲ့အာက ငွေကြေးလိုအပ်နေသူဖြစ်ရာ ဤထူးဆန်းနေမှုများကို လက်ခံရန် ဝန်လေးမနေခဲ့ပေ။ သူမက ပြုံးလိုက်သောအခါ မျက်ဝန်းလေးများက လခြမ်းကွေးလေးများအဖြစ် ပြောင်းလဲသွားပြီး ချိုသာသော အသံလေးဖြင့် မေးလိုက်သည်။
"တာအိုရဲဘော် ယဲ့.. တံခါးပိတ် ကျင့်ကြံနေတာ အတော်ကြာပြီဆိုတော့ ဒီအချိန်အတွင်းမှာ ဆေးလုံးတွေ အများကြီး ဖော်စပ်နိုင်ခဲ့မှာ သေချာတယ်နော်"
သူမက အားကျနေသည့်ဟန်ဖြင့် ဆက်ပြောလာသည်။ "တာအိုရဲဘော် ယဲ့ရဲ့ အဂ္ဂိရတ်ပါရမီကို ကျွန်မ တကယ်ကို အားကျမိတာပဲ။ ရှင့်လို မဟုတ်ဘဲ ကျွန်မကတော့လေ..." သူမ၏ စကားသံက နောက်ပိုင်းတွင် တဖြည်းဖြည်း တိုးဝင်သွားပြီး ဖုံးကွယ်မရနိုင်သော ဝမ်းနည်းမှုရိပ်များ စွက်ဖက်နေလေသည်။
ထိုစကားကို ကြားသောအခါ ယဲ့ချန်က သနားစိတ်အနည်းငယ် ဝင်သွားမိသည်။ သို့သော် သူ၏ နှလုံးသားထဲတွင်တော့ အေးစက်စက် လှောင်ရယ်သံများ ထွက်ပေါ်လာခဲ့သည်။
ယခု ယဲ့ချန်က ချက်ချင်းပြန်မဖြေသည့်အခါ လင်ခဲ့အာ တစ်ယောက် စတင် ဂနာမငြိမ် ဖြစ်လာလေပြီ။ သူမရဲ့ တကယ့်ရည်ရွယ်ချက်တွေကို ထပ်ပြီး ဖုံးကွယ်မထားနိုင်တော့ဘူး မဟုတ်လား။ ဒီမိန်းမက အပြင်ပန်းမှာ မြင်ရသလောက် အပြစ်ကင်းစင်နေတဲ့သူ မဟုတ်တာတော့ သေချာလှသည်။
သို့သော် ယဲ့ချန်က ယခင်ကိုယ်ပိုင်ရှင် မဟုတ်တော့ပေ။ သူက အချစ်ကျွန်တစ်ယောက်မှ မဟုတ်ဘဲ။ ဆေးလုံးတွေ လိုချင်တယ်ပေါ့။ ဘယ်တော့မှ မရစေရဘူး။
ယခင်ခန္ဓာကိုယ်ပိုင်ရှင် ချန်ရစ်ခဲ့သော ချီစုစည်းခြင်း ဆေးလုံး နှစ်ဆယ်ကျော် ရှိနေသေးသော်လည်း မည်သူ့မျှော်လင့်ချက်ကိုမျှ သူ ဖြည့်ဆည်းပေးချင်စိတ် မရှိတော့ပေ။ သူမကို ငြင်းပယ်လိုက်၍ ဘာပဲဖြစ်လာပါစေ သူ ဂရုမစိုက်ပေ။ ကျင့်ကြံရခြင်းက မည်သို့ရှိသည်ကို ခံစားသိရှိနိုင်ရန် ဤဆေးလုံးများကို မိမိကိုယ်တိုင်အတွက် အသုံးပြုလိုက်ခြင်းက ယဲ့ချန်အတွက် အဆိုးရွားဆုံး အတွေးတော့ မဟုတ်ချေ။ တကယ်တမ်းတွင် လင်ခဲ့အာ၏ ရုပ်ရည်နှင့် ကျက်သရေက အဆင့်အတန်းတစ်ခုတွင် ရှိသောကြောင့် သူမကို အနည်းငယ် ပေးလိုက်ရခြင်းကိုတော့ သူ သဘောထားကြီးနိုင်ပါသေးသည်။
သို့သော် သူမက သူ့ကို အမြတ်ထုတ်ချင်နေသည် ဆိုလျှင်တော့ ဇာတ်လမ်းက တစ်မျိုးပြောင်းသွားပြီဖြစ်သည်။ ချောက်ကမ်းပါးပေါ်ကနေ ခုန်ချရမယ်ဆိုရင်တောင် ယဲ့ချန်ကတော့ ဘယ်တော့မှ အချစ်ကျွန်အဖြစ် အသုံးချခံမည် မဟုတ်ပေ။
သူ တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် သူ၏ စိတ်ထဲ၌ ခေါင်းလောင်းသံလေးတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ကိုက်ညီမှုရှိသော အမျိုးသမီး ကျင့်ကြံသူကို ရှာဖွေတွေ့ရှိပါသည်..."
"လက်ဆောင်ပေး ဆက်ဆံရေးစနစ်ကို စတင် အသက်သွင်းနေပါသည်..."
"ပစ်မှတ် - လင်ခဲ့အာ!"
"လက်ဆောင် ပြန်လည်ရရှိမည့် ဆတိုးနှုန်း - ဆယ်ဆ!"
ထိုအသံကြောင့် ယဲ့ချန်၏ စိတ်ထဲတွင် စိတ်လှုပ်ရှားမှုနှင့် ရှုပ်ထွေးမှုတို့ ရောယှက်သွားခဲ့သည်။ စိတ်လှုပ်ရှားရခြင်းကတော့ ယခု သူ့တွင် စနစ်တစ်ခု ရှိလာပြီဖြစ်သောကြောင့်ပင်။ သို့သော် ဤစနစ်နှင့်ပတ်သက်၍ တစ်ခုခုကတော့ လွဲမှားနေသလို သူ ခံစားလိုက်ရသည်။