အခန်း ၄၄။ ဆွမ့်ပ် ဆားပန့် အမဲလိုက်ပွဲ (၁)
“အသွင်ပြောင်းမှော် ပါမောက္ခက နင့်ကို မေဂျာတစ်ခု ကမ်းလှမ်းတယ်လို့ ငါကြားတယ်!”
ဒီသတင်းကို တစ်နေရာရာကနေ ကြားလာပုံရတဲ့ အီနက်တီက ရာဒယ်လ်ဆီကို အပြေးအလွှား လာမေးတော့သည်။
မိမိတဲဘေးမှာ ထိုင်ပြီး အဆိပ်ဖားတွေဆီက အကျိအချွဲတွေကို စုဆောင်းနေတဲ့ ရာဒယ်လ်က ခေါင်းခါပြလိုက်သည်။
“သူက စိတ်ဝင်စားလားလို့ပဲ မေးတာပါ။ ဒီတိုင်း စကားစပ်မိလို့ ပြောလိုက်တာ ဖြစ်မှာပါ။”
“သူက အလကား စကားပြောတတ်တဲ့သူ မဟုတ်ဘူးလို့ ငါကြားဖူးတယ်။ သူ နင့်ကို သဘောကျသွားတာ ဖြစ်ရမယ်။”
“နင် တကယ်ပဲ အဲဒီလို ထင်လား?”
ရာဒယ်လ်သည် ပါမောက္ခ သောမတ်စ်၏ စကားများကို ပြန်လည် စဉ်းစားကြည့်သည်။
ဒါပေမဲ့ ရာဒယ်လ်က သူ မေဂျာ မရွေးရသေးဘူးလို့ ပြောလိုက်တဲ့အခါ၊ ပါမောက္ခက အကဲဖြတ်စစ်ဆေးမည့် တာဝန်ကိုပဲ ပြောပြပြီး ဘာမှထပ်မပြောဘဲ ထွက်သွားခဲ့တာပါ။
“အင်း... ကောလာဟလတွေက နည်းနည်း ပိုနေတာ ဖြစ်မှာပါ။”
ရာဒယ်လ်က အေးအေးဆေးဆေးပဲ ပြန်ဖြေပြီး သူ၏အလုပ်ကို ဆက်လုပ်နေသည်။
ခရုခွံတွေကို အခြောက်လှန်းနေတဲ့ ဂတ်စတိုက ရာဒယ်လ်ကို လှမ်းပြောသည်။
“အရှင်မင်းသား၊ ဒါတွေ အကုန်ခြောက်သွားပြီ ထင်ပါတယ်။ ကျွန်တော် သိမ်းလိုက်ရမလား?”
“နောက်ထပ် တစ်နာရီလောက်နေမှ သိမ်းကြတာပေါ့။”
သူတို့နှစ်ယောက် ဘာလုပ်နေလဲဆိုတာကို အခုမှ သတိထားမိသွားတဲ့ အီနက်တီက အံ့သြသွားသည်။
“ဒါတွေက ဘာတွေလဲ? နင်တို့နှစ်ယောက် ဆေးပစ္စည်းအရောင်းဆိုင် ဖွင့်မလို့လား?”
“နှစ်ယောက်တည်း မဟုတ်ဘူး။ နောက်တစ်ယောက် ရှိသေးတယ်။”
စကားဆုံးသည်နှင့် တဲနောက်ကွယ်မှ အာမန်ဒီ ထွက်လာသည်။ သူ၏လက်ထဲတွင် အခြောက်လှန်းထားသည့် ကင်းခြေများနီများ ပြည့်နေသော ခြင်းတောင်းတစ်ခု ပါလာသည်။
“အားလုံး စုဆောင်းပြီးပါပြီ အရှင်မင်းသား။”
“အော်... အဲဒီမှာပဲ ထားလိုက်တော့။ ဒါလေး သောက်လိုက်ဦး။”
ထိုမြင်ကွင်းကို ကြည့်ပြီး အီနက်တီက သူမ၏ အံ့သြမှုကို မဖုံးကွယ်နိုင်တော့ချေ။
“သူက ဘယ်သူလဲ?”
“သူက ထူးဆန်းသော သတ္တဗေဒ အုပ်စုလိုက် ပရောဂျက်က အဖွဲ့ဝင်လေ။ မနေ့ညက ငါတို့ အတူတူ တောင်ပေါ်တက်ပြီး အဂ္ဂိရတ် ဆေးပစ္စည်းတွေ သွားစုခဲ့ကြတာ။”
အီနက်တီက အာမန်ဒီကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ သို့သော် သူသည် အလွန်ပင် သာမန်ကာလျှံကာ ဖြစ်နေသဖြင့် ထူးခြားသည့်အချက်ကို သူမ ရှာမတွေ့ခဲ့ချေ။
အာမန်ဒီသည် တတ်နိုင်သမျှ လူမသိအောင် နေထိုင်ရင်း အီနက်တီကို အနည်းငယ် ဦးညွှတ်နှုတ်ဆက်ပြီး ပျောက်ကွယ်သွားသည်။
သူ မျက်စိရှေ့က ပျောက်သွားသည်အထိ သတိထားကြည့်နေတဲ့ အီနက်တီက ခပ်ပြတ်ပြတ် ပြောလိုက်သည်။
“သတိထားဦး။ သူက သူလျှို ဖြစ်နေနိုင်တယ်။”
သူက တကယ်ပဲ သူလျှိုလေ...။
ရာဒယ်လ်သည် သူတစ်ယောက်တည်းသာ သိသည့် အချက်အလက်ကို ပြန်စဉ်းစားရင်း ပြုံးလိုက်မိသောအခါ၊ အီနက်တီ၏ မျက်ဝန်းများတွင် ဒေါသအရိပ်အယောင်များ ပေါ်လာသည်။
“ငါ အတည်ပြောနေတာ! ဒါက အကယ်ဒမီ ဆိုပြီးတော့ပဲ အရမ်း စိတ်မချလိုက်နဲ့။ ဒီမှာ နန်းတွင်းသားတွေရဲ့ နောက်လိုက်တွေအပြင် တခြား သံသယဖြစ်ဖွယ် လူတွေလည်း ရှိနေနိုင်တယ်။”
“ကောင်းပါပြီ။ ငါ ဒါကို မှတ်ထားပါ့မယ်။”
အဲဒီနောက်မှာတော့ ရာဒယ်လ်သည် အီနက်တီ၏ ဆူပူကြိမ်းမောင်းမှုများကို ခဏတာ နားထောင်ခဲ့ရသည်။ လုပ်ကြံသတ်ဖြတ်သူများ ဂိုဏ်းက ဘယ်လောက် ကြောက်ဖို့ကောင်းလဲ၊ အင်ပါယာထဲမှာ လျှို့ဝှက်အဖွဲ့အစည်းတွေ ဘယ်လောက်များလဲ ဆိုတာတွေကို သူမက တကယ့်ကို ဆရာကြီးအလား ပြောပြနေတော့သည်။
ပြီးတော့ အဂ္ဂိရတ် အကဲဖြတ်စစ်ဆေးမည့် တာဝန်က အဆိပ်ဖြေဆေးရည် ဖြစ်ကြောင်း သူမ ကြားလိုက်ရတဲ့အခါ၊ ရာဒယ်လ် စုဆောင်းထားတဲ့ ဆေးပစ္စည်းတွေကို တစ်ခုလျှင် ရွှေဒင်္ဂါး ၁ ပြားနှုန်းဖြင့် ဝယ်ယူမည်ဟု သူမက ကမ်းလှမ်းလာသည်။
ချမ်းသာကြွယ်ဝမှုကြောင့် နာမည်ကျော်ကြားသည့် ဒါ့စတီယွန် (Dastion) နယ်စားကြီး မိသားစု၏ မြေးမလေး ပီသပါပေသည်။
ဒီလို ပိုက်ဆံအိတ်ကြီးတဲ့ ဝယ်လက်ရှိနေတာက စိတ်ချရတာပေါ့။
တောင်ပေါ်ကို နောက်တစ်ခေါက် ထပ်တက်ရဦးမယ် ထင်ပါတယ်။
ညဘက်တွင် ဆေးပစ္စည်းများ စုဆောင်းရန် တောင်ပေါ်တက်သည်၊ နေ့ဘက် သင်ခန်းစာမရှိသည့် အချိန်တွင် ပေါင်းပင်နှုတ်သည်၊ အားလပ်ချိန်တွင် အသွင်ပြောင်းမှော်ကို လေ့ကျင့်သည်။ ရာဒယ်လ်၏ နေ့ရက်များမှာ အလွန်ပင် အလုပ်များနေသည်။
ဒုတ်!
ရာဒယ်လ်က လက်ကိုင်ပုဝါကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သောအခါ အသံမာမာတစ်ခု ထွက်ပေါ်လာသည်။
“ပြီးသွားပြီ။”
သူသည် သံမဏိအသွင်ပြောင်းမှော်ကိုလည်း အောင်မြင်သွားပြီ ဖြစ်သည်။
ရာဒယ်လ်သည် သူ၏ ဂုဏ်ယူမှုကို မဖုံးကွယ်နိုင်တော့ချေ။
ယခု အဆိပ်ဖြေဆေးရည်ကို ဖော်စပ်ပြီးသည်နှင့် ဆွမ့်ပ် ဆားပန့်ကို သွားရောက်ဖမ်းဆီးရန် သူ စီစဉ်ထားသည်။
“ကြည့်ရအောင်။”
ရာဒယ်လ်သည် သူ၏ အခြေအနေပြ ပြတင်းပေါက် (Status Window) ကို ဖွင့်လိုက်သည်။
အမည် - ရာဒယ်လ် ဆေးလ်ဗတ် ကရက်ဒီယန် (Radel Silvert Credian)
အသက် - ၁၇ နှစ်
ဘွဲ့အမည် - ကရက်ဒီယန် အင်ပါယာ၏ ရှစ်ယောက်မြောက် မင်းသား
အခြေခံစွမ်းရည်များ - ကျန်းမာရေး ၃၄၊ မှော်စွမ်းအား ၂၀၊ ခွန်အား ၃၂၊ လျင်မြန်မှု ၂၆၊ ဉာဏ်ရည် ၂၅
ခြုံငုံစွမ်းဆောင်ရည် - D+
ကျွမ်းကျင်မှုများ - အခြေခံဓားသိုင်း (D)၊ ဟေဒင်၏ သာမန်မာနာ လေ့ကျင့်နည်း (D)
ထူးခြားချက်များ - ထရိုးလ်၏ နှလုံးသား (D)၊ အခြေအနေသက်ရောက်မှု ပျက်ပြယ်ခြင်း (S)
အစပိုင်းကထက် တိုးတက်လာသော စွမ်းရည်များကို ကြည့်ပြီး သူ စိတ်ကျေနပ်မိသည်။
[အခြေခံဓားသိုင်း (Basic Swordsmanship) (D)]
အခြေခံအကျဆုံးသော ဓားသိုင်းပညာ။
အလျားလိုက် ခုတ်ချက် (၂၀,၀၀၀/၂၀,၀၀၀)
ဒေါင်လိုက် ခုတ်ချက် (၂၀,၀၀၀/၂၀,၀၀၀)
ထိုးချက် (၂၀,၀၀၀/၂၀,၀၀၀)
မိမိထက် များစွာ သာလွန်အားကောင်းသော ရန်သူကို အနိုင်ယူပါ (၀/၁)
ယခုတစ်ကြိမ်တွင်မူ သူ၏ အခြေခံဓားသိုင်း အဆင့်ကို စစ်ဆေးရန် ကျွမ်းကျင်မှု ပြတင်းပေါက်ကို ဖွင့်လိုက်သည်။
မိုးမလင်းခင်ကတည်းက ကြိုးစားပမ်းစား လေ့ကျင့်နေခဲ့သဖြင့် ကျွမ်းကျင်မှု အမှတ်အများစုမှာ ပြည့်နေပြီ ဖြစ်သည်။
မှော်ဒဏ်ခံနိုင်ရည် မြင့်မားလှသော ဆွမ့်ပ် ဆားပန့်ကို ဖမ်းဆီးရန်မှာ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများက အရေးကြီးသည်။ ထို့ကြောင့် မသွားခင်မှာ အခြေခံဓားသိုင်း အဆင့်ကို တတ်နိုင်သမျှ မြှင့်တင်သွားချင်သည်။
ပြဿနာမှာ နောက်ဆုံး အဆင့်မြှင့်တင်ရန် လိုအပ်ချက်ပင် ဖြစ်သည်။
‘မိမိထက် များစွာ သာလွန်အားကောင်းတဲ့ ရန်သူကို အနိုင်ယူပါ?’
ဘယ်လောက်အထိ အားကောင်းရမှာလဲ?
သတ်မှတ်ချက်က ရှင်းရှင်းလင်းလင်း မရှိသဖြင့် သူ ချက်ချင်း နည်းလမ်းမရှာနိုင်သေးပေ။
ရာဒယ်လ်သည် လောလောဆယ်တွင် အဂ္ဂိရတ် အလုပ်ရုံသို့ ဦးတည်လိုက်သည်။
ဘုန်း!
“အား! ငါ ထပ်ပြီး ရှုံးပြန်ပြီ!”
အဂ္ဂိရတ် အလုပ်ရုံထဲတွင် အီနက်တီသည် သွားကြိတ်နေသည်။ သူမသည် အခြေခံ အနာရောဂါပျောက်ဆေးရည်ကို ယခုထိ အောင်မြင်အောင် မဖော်စပ်နိုင်သေးပုံရသည်။
နောက်လိုက်များက အီနက်တီ၏အနားတွင် ဝိုင်းအုံပြီး နှစ်သိမ့်ပေးနေကြသည်။
“ရပါတယ် မင်းသမီးလေး။ ဒါကို မလုပ်နိုင်လို့ ဘာဖြစ်သွားမှာလဲ! မင်းသမီးလေးရဲ့ စိန်ခေါ်ချင်တဲ့ စိတ်ဓာတ်က တကယ်ကို ခံ့ညားလှပါတယ်!”
“ကျွန်တော် မင်းသမီးလေးအတွက် ဖော်ပေးပါရစေ! ကျွန်တော် မနေ့က အောင်မြင်သွားပြီ!”
အီနက်တီ၏ စိတ်ပျက်နေသော စိတ်အခြေအနေမှာ ပို၍ ဆိုးရွားလာသည်။
ဒါက နှစ်သိမ့်ပေးနေတာလား?
“ဒီလူတွေက ဘာမှနားမလည်ကြဘူးလား! ထွက်သွားကြ! အားလုံး ထွက်သွားကြ!”
ဒေါသတကြီး ဖြစ်နေတဲ့ အီနက်တီသည် အလုပ်ရုံထဲသို့ ဝင်လာသော ရာဒယ်လ်ကို မြင်သွားသည်။
“နင် တကယ် ကြိုးစားနေတာပဲ အီနက်တီ။”
“ဟူး... ငါတို့ သွားပြီး ပေါင်းပင်ပဲ နှုတ်ရအောင်။”
အီနက်တီသည် သူမ၏ဘေးမှ ပေါင်းပင်ထည့်သည့် ခြင်းတောင်းကို ယူကာ ထရပ်လိုက်သည်။
သူမသည် ယခုအခါ ထိုအလုပ်ကို ကျင့်သားရနေပုံ ပေါ်သည်။
ရာဒယ်လ်သည်လည်း အဆိပ်ဖြေဆေးရည်အတွက် ဆေးပစ္စည်းများ ရရှိရန် ပေါင်းပင်နှုတ်ရမည် ဖြစ်သောကြောင့် ဘာမှမပြောဘဲ လိုက်သွားခဲ့သည်။
ဆေးဥယျာဉ်ထဲတွင် အစောကတည်းက ရောက်နေသော ဂတ်စတိုသည် ပေါင်းပင်များကို နှုတ်နေသည်။ သူ၏ ခြင်းတောင်းထဲတွင် ပေါင်းပင်များ အပြည့်ပင်။
“နင် ပေါင်းပင်တွေ အများကြီး နှုတ်ထားတာပဲ။”
“ဟုတ်ကဲ့ပါ အရှင်မင်းသား။ အဆိပ်ဖြေဆေးကို မြန်မြန် ဖော်စပ်နိုင်မှ ဆွမ့်ပ် ဆားပန့်ကို သွားဖမ်းနိုင်မှာ မဟုတ်လား။”
“ဟုတ်တယ်။ အကောင်းဆုံး ကြိုးစားကြတာပေါ့။”
အခြားကျောင်းသားသစ်များလည်း ပေါင်းပင်များကို နှုတ်နေကြပြီး၊ တစ်ခါတစ်ရံတွင် ဆေးဖက်ဝင်အပင်များကို ခိုးတူးရန် ကြိုးစားရင်း ပျံသန်းနေသော ဂိုလမ်များ၏ အမိခံရသူများလည်း ရှိသည်။
“အား! ပျံသန်းနေတဲ့ ဂိုလမ်!”
“ပြေး!”
ရာဒယ်လ်က ခေါင်းခါလိုက်သည်။
“ခိုးတူးမယ်ဆိုရင်လည်း အမိမခံရအောင် လုပ်ရမှာပေါ့။”
ဘေးမှ ဂတ်စတိုကလည်း ခေါင်းညိတ်ပြသည်။
“အမြင့်မြတ်ဆုံး နတ်ဘုရားလည်း စိတ်မကောင်း ဖြစ်မှာပဲ။”
အီနက်တီ တစ်ယောက်သာ အံ့သြနေတော့သည်။
ဒါက အမိမခံရရင် လုပ်လို့ရတယ်လို့ ပြောတာလား?
‘ဒါက ဘယ်လို “ငတ်မွတ်သောမြေ” ရဲ့ သူတော်စင်နဲ့ အမြင့်မြတ်ဆုံး နတ်ဘုရားဂိုဏ်းရဲ့ အလုပ်သင် သူရဲကောင်းလဲ?’
ဘုန်း!
ဘုန်း!
အခြေခံ အနာရောဂါပျောက်ဆေးရည်ကို တစ်ကြိမ်တည်းနှင့် အောင်မြင်ခဲ့သော ရာဒယ်လ်သည် အဆိပ်ဖြေဆေးရည် ဖော်စပ်ရာတွင်မူ အတော်လေး ဒုက္ခရောက်ခဲ့သည်။
သို့သော် သူ အောင်မြင်သွားခဲ့သည်။
“နောက်ဆုံးတော့ ပြီးသွားပြီ။”
ရာဒယ်လ်သည် ဖော်စပ်ပြီးသော အဆိပ်ဖြေဆေးရည်ကို တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်လိုက်သည်။
‘ဒါက အရင်တုန်းက အမှတ်တရတွေကို ပြန်သတိရစေတာပဲ။’
ဆေး၏ အာနိသင် ပြလာသည်ကို စောင့်ဆိုင်းရင်း၊ သူ မုဆိုး (Hunter) တစ်ယောက်အဖြစ် ရှင်သန်ခဲ့စဉ်က အမှတ်တရများ ခဏတာ ပေါ်လာသည်။
သူ၏ ‘အခြေအနေသက်ရောက်မှု ပျက်ပြယ်ခြင်း’ ဂုဏ်သတ္တိကြောင့် ကုသခြင်းမှော် (Heal) များကို သူ မခံယူနိုင်သဖြင့် ဆေးရည်များကိုသာ အားကိုးခဲ့ရသည်။ နောက်ဆုံးတွင် ဆေးရည်များကို ခံနိုင်ရည်ရှိသွားပြီး ထရိုးလ်၏ နှလုံးသားကို လိုက်လံရှာဖွေခဲ့ရခြင်း ဖြစ်သည်။
တိင်။
[အဆိပ်ဖြေဆေးရည်၏ အာနိသင်ကို အသုံးပြုလိုက်ပါပြီ။]
[မင်းဟာ ၅ မိနစ်စာ အဆိပ်ဘေးကနေ ကင်းဝေးသွားပါပြီ။]
စနစ်ပြတင်းပေါက်က အဆိပ်ဖြေဆေး၏ အာနိသင်ကို အသိပေးလိုက်သည်။
‘၅ မိနစ်?’
၅ မိနစ်တည်းနှင့် ဆွမ့်ပ် ဆားပန့်ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။
အဆိပ်ဖြေဆေးရည်ကို အများကြီး ဖော်စပ်ထားရမည် ထင်သည်။
ဆွမ့်ပ် ဆားပန့်၏ အဆိပ်သင့်ခြင်းမှ ကင်းဝေးရန် အမဲလိုက်နေစဉ်အတွင်း ဆေးရည်များကို ဆက်တိုက် သောက်နေရုံသာ ရှိသည်။
ဒါပေမဲ့ အရင်ဘဝကလို မဟုတ်ဘဲ အခုတော့ ငါ့မှာ ‘ထရိုးလ်၏ နှလုံးသား’ ရှိနေပြီမို့လို့ ဆေးရည်တွေအပေါ် အရမ်းကြီး အားကိုးစရာ မလိုတော့ပါဘူး။
ရာဒယ်လ်သည် အဆိပ်ဖြေဆေးရည်များကို ဆက်လက် ဖော်စပ်နေသည်။
သို့သော် ဖော်စပ်နည်းမှာ အလွန် ခက်ခဲလှသဖြင့် အနည်းငယ်သာ အောင်မြင်ခဲ့သည်။
“ပေါင်းပင်နှုတ်ဖို့က အရမ်း နောက်ကျသွားပြီလား?”
ဆေးဖက်ဝင်အပင်များ ကုန်သွားသဖြင့် ရာဒယ်လ်သည် မှောင်မိုက်နေသော ပြတင်းပေါက် အပြင်ဘက်ကို နှမြောတသစွာ ကြည့်လိုက်သည်။
ဆေးဥယျာဉ်ထဲကို နေထွက်နေတဲ့ အချိန်မှသာ ဝင်ခွင့်ရှိသည်။
သူသည် တိရစ္ဆာန်အခြေခံ ဆေးပစ္စည်းများကို အများကြီး စုဆောင်းထားနိုင်သော်လည်း၊ ဆေးဖက်ဝင်အပင်များမှာမူ ပေါင်းပင်နှုတ်မှသာ ရရှိနိုင်သဖြင့် အရေအတွက် အလွန်နည်းနေသည်။
ထိုအချိန်တွင်...
“အရှင်မင်းသား ဒါကို ရှာနေတာလား?”
ဂတ်စတိုက ရာဒယ်လ်ကို တစ်စုံတစ်ခု ကမ်းပေးလိုက်သည်။
၎င်းမှာ လတ်လတ်ဆတ်ဆတ် တူးထားသည့် ဆေးဖက်ဝင်အပင် အစည်းများ ဖြစ်သည်။
“ဂတ်စတို၊ ဒါတွေက?”
“စိတ်မပူပါနဲ့။ အမိမခံရအောင် ယူလာခဲ့တာပါ။”
နေရာအနှံ့ ပျံသန်းနေတဲ့ ဂိုလမ်တွေကို ရှောင်ပြီး ဆေးဖက်ဝင်အပင်တွေကို သူ ခိုးတူးလာခဲ့တာလား?
ဒါက ဖြစ်နိုင်လို့လား?
……ဒါပေမဲ့ ဂတ်စတိုဆိုရင်တော့ ဖြစ်နိုင်ပါတယ်။
‘မမြင်ရသော လက်!’ (Unseen Hand)
ဂတ်စတို ပိုင်ဆိုင်ထားသော S-rank ထူးခြားချက်မှာ ရာဒယ်လ်၏ စိတ်ထဲတွင် ပေါ်လာသည်။
ဘယ်တံခါးမဆို ဖွင့်နိုင်တယ်၊ ဘယ်ပစ္စည်းမဆို ရယူနိုင်တယ်ဆိုတဲ့ ထူးခြားချက်ပေါ့။
ကျောင်းတော်ကြီးမှာ အသုံးမကျခဲ့တဲ့ သူခိုးကြီးတစ်ယောက်ရဲ့ ပါရမီဟာ အကယ်ဒမီထဲမှာတော့ အစွမ်းပြနေပါပြီ။
ပထမဆုံး တွေ့တုန်းကတော့ သူက အရမ်း တည်ငြိမ်လွန်းတယ်လို့ ထင်ခဲ့ရတာ။
ဂတ်စတို၏ နေ့စဉ် တိုးတက်လာမှုများကို ကြည့်ပြီး ရာဒယ်လ်သည်ပင် ဂုဏ်ယူမိသွားသည်။
လူတွေဟာ အိမ်ကနေ ခွာလိုက်တဲ့အခါ တကယ်ပဲ ပိုပြီး ကြီးထွားလာတတ်ကြတာပဲ။
“အံ့သြဖို့ ကောင်းလိုက်တာ။ တော်တယ် ဂတ်စတို။”
ရာဒယ်လ်၏ ပျော်ရွှင်နေသော မျက်နှာကို ကြည့်ပြီး ဂတ်စတိုကလည်း အနည်းငယ် ပြုံးလိုက်သည်။
အရှင်မင်းသား ပြောခဲ့သလိုပါပဲ၊ အမြင့်မြတ်ဆုံး နတ်ဘုရားက ပေးထားတဲ့ စွမ်းရည်တွေကို မှန်ကန်တဲ့ နေရာမှာ အသုံးချရမှာပေါ့။ အဲဒီလို သိမြင်သွားပြီးတဲ့နောက်မှာ ကမ္ဘာကြီးက ကွဲပြားသွားသလိုပဲ။
ဒါတွေ အားလုံးက အရှင်မင်းသားကြောင့်ပါ။
ဂတ်စတို၏ ပါရမီလှူဒါန်းမှုကြောင့် ရာဒယ်လ်သည် အဆိပ်ဖြေဆေးရည်များကို ပိုမိုမြန်ဆန်စွာ ဖော်စပ်နိုင်ခဲ့တော့သည်။
ရုံးပိတ်ရက် နံနက်ခင်း။
နောက်ဆုံးတော့ ဆွမ့်ပ် ဆားပန့်ကို အမဲလိုက်ရမည့်နေ့သို့ ရောက်ရှိလာပြီ ဖြစ်သည်။
ပြင်ဆင်မှုများ အားလုံး ပြီးမြောက်ပြီးနောက် ရာဒယ်လ်သည် ဂတ်စတိုနှင့် အာမန်ဒီကို ဦးဆောင်၍ တောင်ပေါ်သို့ တက်လာခဲ့သည်။
နွံတော ဧရိယာကို မြင်လိုက်ရသောအခါ၊ ရာဒယ်လ်သည် အစီအစဉ်ကို ပြန်လည် စစ်ဆေးရန် ရပ်လိုက်သည်။
“အစီအစဉ်ကို အားလုံး သိကြတယ်မလား? အဆိပ်ဖြေဆေးရဲ့ အာနိသင်က ၅ မိနစ်ပဲ။ ငါတို့ ဒါကို တတ်နိုင်သမျှ မြန်မြန် အဆုံးသတ်ရမယ်။ ဂတ်စတိုက ရှေ့ဆုံးကနေ တိုက်မယ်၊ အာမန်ဒီက နောက်ကနေ ပံ့ပိုးပေးမယ်။ ဂတ်စတိုက ဆွမ့်ပ် ဆားပန့်ရဲ့ အာရုံကို လွှဲထားတဲ့အချိန်မှာ ငါက သူ့ရဲ့ အသက်ချက်ကို တိုက်ခိုက်မယ်။ အာမန်ဒီ၊ အဆိပ်ဖြေမှော်က အဆင်သင့်ပဲလား?”
“ဘယ်အချိန်မဆို ရပါတယ်။”
တင်းမာနေတဲ့ ဂတ်စတိုနဲ့ အာမန်ဒီကို ကြည့်ရတာ ရာဒယ်လ်ကို သူ၏ အရင်ဘဝက နဂါးတွင်း (Dungeon) တွေထဲ သွားခဲ့တဲ့ နေ့ရက်တွေကို သတိရစေသည်။
အဲဒီတုန်းကတော့ ရာဒယ်လ်နဲ့ သူ၏ အဖွဲ့သားတွေက အတွေ့အကြုံရှိတဲ့ မုဆိုးတွေ ဖြစ်ပေမယ့်၊ အခုတော့ အကယ်ဒမီ ကျောင်းသားတွေ အနေနဲ့ သားရဲတစ်ကောင်ကို ရင်ဆိုင်ရတာက ခံစားချက်ချင်း တူတူပါပဲ။
“တတ်နိုင်သမျှ ဒဏ်ရာ မရအောင် ကြိုးစားကြ၊ တကယ်လို့ သေတော့မယ်လို့ ထင်ရင်တော့ ထွက်ပြေးကြ။ ငါတို့ နောက်တစ်ကြိမ် ထပ်ပြီး စိန်ခေါ်လို့ ရတယ်။ သိတယ်မလား?”
ရာဒယ်လ်၏ တည်ကြည်သော စကားကြောင့် ဂတ်စတိုနှင့် အာမန်ဒီတို့ ခေါင်းညိတ်လိုက်ကြသည်။
‘သူ ပြောတာကို နားထောင်ရတာ တကယ့်ကို အတွေ့အကြုံရှိတဲ့ ဝါရင့်ကြီးတစ်ယောက်လိုပဲ။’
အာမန်ဒီက စိတ်ထဲကနေ ညည်းညူနေသော်လည်း ရာဒယ်လ်၏ စကားကိုတော့ သူ သဘောတူပါသည်။
နွံတောနားသို့ ပိုမိုချဉ်းကပ်လာသည်နှင့်အမျှ အဆိပ်ငွေ့များ ထွက်ပေါ်လာသည်။
၎င်းမှာ ဆွမ့်ပ် ဆားပန့်များ နေထိုင်ရာ နေရာဖြစ်သဖြင့် ထိုအဆိပ်ငွေ့များသည် သားရဲများ ထုတ်လွှတ်လိုက်သော အဆိပ်များကြောင့် ဖြစ်သည်။
“အာမန်ဒီ။”
“ဟုတ်ကဲ့။”
အာမန်ဒီသည် ပြင်ဆင်ထားသော အဆိပ်ဖြေမှော်ကို ဂတ်စတိုနှင့် သူ၏ကိုယ်ပေါ်သို့ အသုံးပြုလိုက်သည်။
ရာဒယ်လ်သည်လည်း အဆိပ်ဖြေဆေးရည် တစ်ပုလင်းကို သောက်လိုက်သည်။
တိင်။
[အဆိပ်ဖြေဆေးရည်၏ အာနိသင်ကို အသုံးပြုလိုက်ပါပြီ။]
[မင်းဟာ ၅ မိနစ်စာ အဆိပ်ဘေးကနေ ကင်းဝေးသွားပါပြီ။]
အသက်ရှူရတာ ပိုပြီး လွယ်ကူသွားတာကို သူ ချက်ချင်း ခံစားလိုက်ရသည်။
ဒီအဆိပ်ငွေ့တွေကို ရှူရှိုက်ရုံတင်နဲ့ ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေ ဖြည်းဖြည်းချင်း ပြန့်နှံ့နေတာ ဖြစ်ရမယ်။
ပြင်ဆင်မှုတွေ ပြီးလို့ နွံတောထဲကို ဝင်ဖို့ လုပ်နေတုန်းမှာပဲ...
“ဘာလဲ? ငါတို့ ဒီကို အရင်ရောက်တာ မမြင်ဘူးလား?”
ဆွမ့်ပ် ဆားပန့်ကို အမဲလိုက်ဖို့ လာတဲ့ပုံရတဲ့ နောက်ထပ် အဖွဲ့တစ်ဖွဲ့ ပေါ်လာသည်။ သူတို့ရဲ့ မျက်နှာတွေကို ကြည့်ရတာ အတန်းဖော် ကျောင်းသားသစ်တွေ ဖြစ်ပုံရသည်။
သူတို့က ရန်လာစနေမှန်း သိသာလှသော်လည်း ရာဒယ်လ်ကတော့ အေးအေးဆေးဆေးပဲ နှုတ်ဆက်လိုက်သည်။
“အင်း... မြင်ပါတယ်။ နင်တို့လည်း ဆွမ့်ပ် ဆားပန့်ကို အမဲလိုက်ဖို့ လာတာလား?”
ဒီလူက ဘာလဲ? သူက နန်းတွင်းသား ဖြစ်နေလို့လား?
ရန်လာစဖို့ ကြံရွယ်ထားတဲ့သူတွေဟာ ရာဒယ်လ်၏ တည်ငြိမ်သော အမူအရာကြောင့် ကြောင်သွားကြသည်။
“ငါ... ငါတို့ ရှေ့မှာ ရှိနေတာကို မြင်ရင် အလှည့်ကျအောင် စောင့်ရမှာပေါ့! ငါတို့ အရင်ရောက်တာမို့လို့ ငါတို့ အရင် ဖမ်းမယ်!”
“ကောင်းပါပြီ။ ဒါနဲ့ နင်တို့ဆီမှာ အဆိပ်ဖြေဆေးရည်တွေ ရှိလား?”
“အဲဒီလို အရာမျိုးက ဘာလို့ လိုမှာလဲ! နင့်အလုပ်ကိုပဲ နင်လုပ်စမ်းပါ!”
သူတို့ ဘာတွေလုပ်ဖို့ ကြံနေတာလဲ?
သူတို့ရဲ့ မှော်စွမ်းရည်ကို ယုံကြည်လို့ ဒီလို လုပ်နေကြတာလား?
ဘာမှ ပြင်ဆင်မထားတဲ့ သူတို့ကို ကြည့်ပြီး ရာဒယ်လ် စိုးရိမ်မိသွားသည်။
သိပ်မကြာခင်မှာပဲ အော်သံတွေ ထွက်ပေါ်လာတော့သည်။
“အားးးးးး!”
“မဖြစ်နိုင်တာ! အသက်ရှူလို့ မရတော့ဘူး!”
“သားရဲ! ဒါက တကယ့် သားရဲကြီးပဲ!”
ဒါက အဆင့်မြင့် သားရဲတစ်ကောင်ပဲလေ၊ ဒီလို ဖြစ်မှာပေါ့ မဟုတ်ဘူးလား?
ရာဒယ်လ်က ဂတ်စတိုနှင့် အာမန်ဒီကို အချက်ပြလိုက်သည်။
ယခု သူတို့အလှည့် ရောက်ရှိလာပြီ ဖြစ်သည်။