အခန်း ၄၈ - နေကာမျက်မှန်နှင့် အရူး [၃]
‘နေပါဦး၊ နေပါဦး... ဘာကြီးလဲ...?’
စောစောက အိပ်ချင်ငိုက်မြည်းနေခဲ့သမျှ အခုတော့ အိပ်ချင်စိတ်တွေ လုံးဝ အစအနဖျောက်သွားပြီ။ ဖုန်းပေါ်မှာ ပေါ်လာတဲ့ အကြောင်းကြားစာကို စိုက်ကြည့်ရင်း ကျွန်တော့်မျက်နှာ အမူအရာ ပျက်သွားမိသည်။
ကျွန်တော် ထိုစာကို နောက်တစ်ခေါက် ထပ်ဖတ်လိုက်ပြီးနောက် Dock app ဆီ အမြန်သွားကာ လော့ဂ်အင် (login) ဝင်လိုက်သည်။
———
[ချို့ယွင်းချက်!]
Botting (စက်ရုပ်စနစ်) အသုံးပြုသည်ဟု သံသယရှိသောကြောင့် သင့်အကောင့်အား ခေတ္တပိတ်သိမ်းထားပါသည်။ ကျွန်ုပ်တို့ဘက်မှ သင့်ထံ နောက်မှ ပြန်လည်ဆက်သွယ်ပါမည်။ ကျေးဇူးပြု၍ စိတ်ရှည်သည်းခံပေးပါ။
———
စိတ်ရှည်ရမယ်?
စိတ်ရှည်ရမယ်ဆိုတာကြီးကတော့ အလကားပဲ!
ဖုန်းကို ကားပြတင်းပေါက်ကနေ အပြင်ကို လွှင့်ပစ်လိုက်ချင်စိတ် တဖွားဖွား ပေါ်လာသည်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ သူရဲဘောကြောင်တဲ့ စိတ်ဓာတ်က ထိုသို့မလုပ်မိအောင် တားဆီးလိုက်သည်။
ဖုန်းက ဈေးကြီးသည့်အပြင် ကျွန်တော်က ရဲအရာရှိတစ်ယောက်ရဲ့ ကားပေါ်မှာ ရောက်နေတာဆိုတော့...
‘မဟုတ်သေးဘူး၊ ဒါက အရေးကြီးတာ မဟုတ်ဘူး... အခြေအနေက တကယ် ဆိုးနေပြီ။’
ကျွန်တော့်မစ်ရှင်အတွက် အချိန်က တစ်ပတ်လောက်ပဲ ကျန်တော့သည်။
မစ်ရှင်ကျရှုံးသွားလျှင် ဆိုင်က ပိတ်ရတော့မည်။ ထိုသို့ဖြစ်သွား၍ မရပေ။ ထိုဆိုင်က ကျွန်တော် အသက်ရှင်သန်နိုင်ဖို့အတွက် အလွန်တရာ အရေးကြီးသည်။
ကျွန်တော့်ရောဂါအတွက် လိုအပ်သည့် ဆေးပြားတွေကို ထိုဆိုင်တစ်ဆိုင်တည်းမှာသာ ဝယ်လို့ရခြင်း ဖြစ်သည်။
အကယ်၍ ဆိုင်သာ ပိတ်သွားခဲ့လျှင် ကျွန်တော်လည်း သေလူဖြစ်ပြီသာ မှတ်တော့။
“အူးစ်...”
ရှေ့က app ကို စိုက်ကြည့်ရင်း ကျွန်တော့်ဆံပင်တွေကို ထိုးဖွလိုက်မိသည်။ ကျွန်တော်သည် ပုံမှန်မဟုတ်သော Botting အသုံးပြုခြင်းမျိုး မဟုတ်ကြောင်းနှင့် ကျွန်တော် အပြစ်မရှိကြောင်း ရှင်းပြသည့် စာတိုကို အမြန်ပို့လိုက်သည်။ ပြီးနောက် နောက်ထပ်တစ်စောင် ထပ်ပို့သည်။ ထို့နောက် နောက်တစ်စောင်။
ကျွန်တော် ပြောချင်သည့် အချက်ကို သူတို့ သေချာပေါက် သိသွားစေရန်သာ လုပ်ရတော့မည်။
ထို့ထက် ပိုပို့လျှင် သူတို့ စိတ်တိုသွားနိုင်သည်ဟု ခံစားရမှသာ ကျွန်တော် ရပ်လိုက်တော့သည်။ အခုချိန်မှာ ကျွန်တော် လုပ်နိုင်တာဆိုလို့ အချိန်မနှောင်းခင် သူတို့ အကောင့်ပြန်ဖွင့်ပေးဖို့ ဆုတောင်းရုံသာ ရှိတော့သည်။
မဟုတ်ရင်တော့ ကျွန်တော် တကယ်ပဲ သွားပြီ...
အတွေးထဲ နစ်ဝင်နေသဖြင့် ပတ်ဝန်းကျင် အခင်းအကျင်း ပြောင်းလဲသွားသည်ကိုပင် သတိမထားမိလိုက်ဘဲ ကားက ရုတ်တရက် ရပ်တန့်သွားမှသာ သတိပြန်ဝင်လာတော့သည်။
“ရောက်ပြီ။”
“ဟင်?”
ကားရှေ့ခန်းကနေ ကျွန်တော့်ကို လှည့်ကြည့်နေသည့် အကြီးတန်းအရာရှိကို မော့ကြည့်လိုက်သည်။ သူက စိုးရိမ်နေသည့် မျက်နှာထားနှင့် ဖြစ်နေ၏။
“အားလုံး အဆင်ပြေရဲ့လား?”
“...ဟုတ်ကဲ့၊ အားလုံး အဆင်ပြေပါတယ်။”
ကျွန်တော် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး အပြုံးတစ်ခုကို အတင်းဖန်တီးကာ ပစ္စည်းတွေကိုယူပြီး ကားပေါ်က ဆင်းလိုက်သည်။ ကျွန်တော် လုပ်နိုင်သမျှ အကုန်လုပ်ပြီးပြီ။ အခုတော့ ရလဒ်ကို စောင့်ရုံသာ ရှိတော့သည်။
ကားပေါ်က ဆင်းလိုက်သည်နှင့် အေးမြသော လေပြေကို ခံစားလိုက်ရပြီး အဝေးက မြင့်မားသောအဆောက်အဦကြီးကို ငေးကြည့်နေမိသည်။ ထိုအဆောက်အဦသည် ပတ်ဝန်းကျင်က အခြားတိုက်မြင့်ကြီးတွေကြားထဲမှာပင် ထင်ထင်ရှားရှား ရှိနေသည်။
အကြီးတန်းအရာရှိကလည်း ထိုဘက်ကိုပင် လှမ်းကြည့်နေသည်။
“မင်းရဲ့ လုံခြုံရေးအတွက် ငါ စိတ်ပူနေတာ။ ဒါပေမဲ့ မင်း သူတို့နဲ့အတူ ရှိနေမယ်ဆိုတာ သိရတော့ သိပ်စိတ်ပူစရာ မလိုတော့ဘူးပေါ့။”
အရာရှိက ပြောရင်း ကားမှန်ကို ပြန်တင်လိုက်သည်။
“စုံစမ်းစစ်ဆေးမှုမှာ တစ်ခုခု ထူးခြားတာရှိရင် ငါ မင်းကို ဆက်သွယ်လိုက်မယ်။ လောလောဆယ် အနားယူလိုက်ဦး။ မင်း ဒါနဲ့ ထိုက်တန်ပါတယ်။”
“ကျေးဇူးတင်ပါတယ်...”
ထို့နောက် အကြီးတန်းအရာရှိက ကားမောင်းထွက်သွားတော့သည်။
လမ်းဘေး ပလက်ဖောင်းအလယ်မှာ အူကြောင်ကြောင် ရပ်နေမိပြီးနောက် နောက်ဆုံးတွင် မျက်လုံးကိုမှိတ်ကာ ဂိုဏ်း (Guild) ဆီသို့ ပြန်လျှောက်လာခဲ့သည်။
ဒါကတော့ မကြာခင်မှာ ကျွန်တော် နောင်တရမိမယ့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာတော့သည်။
***
ခဏတာမျှ မတိုင်မီက၊ စတားလိုက်ဂိုဏ်း (Starlight Guild)။
ဂျောက်—!
အဖြူရောင်တံခါးတစ်ချပ် ပွင့်လာပြီး လူတစ်စု လူသွားလမ်းဘက်သို့ ထွက်လာကြသည်။ အရှေ့ဆုံးတွင် ခိုင် (Kyle) နှင့် ဇိုးယီ (Zoey) တို့ ဖြစ်ပြီး၊ ပြင်းထန်သော လေ့ကျင့်ခန်းတစ်ခုကို အခုလေးတင် အဆုံးသတ်လိုက်သကဲ့သို့ သူတို့မျက်နှာများမှာ ချွေးများဖြင့် ရွှဲနစ်နေသည်။
သို့သော် စိုးရိမ်စရာကောင်းသူများမှာ သူတို့မဟုတ်ပေ။
သူတို့နောက်တွင် ပါလာသည့် အခြားသူများမှာ ဖြူဖျော့တုန်ယင်နေကြပြီး၊ လေထုကြီးကပင် သူတို့အတွက် လေးလံလွန်းနေသကဲ့သို့ နှုတ်ခမ်းများ တုန်ရီနေကြသည်။
သူတို့အားလုံး စိတ်ဒဏ်ရာ ရထားသည့်ပုံစံ ပေါက်နေသည်။
မိုင်ကယ် (Myles) တစ်ယောက်သာ အခြားသူများထက် ပို၍ တည်ငြိမ်နေသော်လည်း၊ သူ၏ မျက်လုံးများတွင်ပင် ဝေးလွင့်နေပြီး အာရုံမစိုက်နိုင်သော အရိပ်အယောင်များ ရှိနေသည်။
ခိုင်နှင့် ဇိုးယီတို့သည် ရပ်လိုက်ကြပြီး လူသစ်များ၏ အခြေအနေကို လှည့်ကြည့်ကြသည်။ သူတို့ ဖြစ်ပျက်နေသည့် အခြေအနေကို မြင်သောအခါ ဇိုးယီ၏ မျက်နှာပေါ်တွင် သနားစရာကောင်းသည်ဟူသော အမူအရာတစ်ခု ဖြတ်ပြေးသွားသည်။
“ကဲ၊ မင်းတို့ ညံ့ခဲ့တယ်လို့တော့ ငါမပြောပါဘူး။ တကယ်တော့ တော်တော်လေး ကောင်းပါတယ်။ မင်းတို့ ငါးကြိမ်လောက်ပဲ သေခဲ့တာလေ။ ဒါက ပုံမှန်ထက်တောင် သာသေးတယ်လို့ ပြောရမလား?”
သူမက ခိုင်ကို လှည့်ကြည့်လိုက်ရာ၊ ခိုင်က ပခုံးတွန့်ရင်း “ငါတုန်းကတော့ တစ်ခါမှ မသေဘူးဆိုတော့...” ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
ဇိုးယီ နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။
‘ခွေးမသား... ငါလည်း မသေခဲ့ဘူးလေ...’
“အဟမ်း။”
သူမ ပါးစပ်ကို လက်နှင့်အုပ်ကာ ချောင်းဟန့်လိုက်သည်။
“ဘာပဲဖြစ်ဖြစ်၊ မင်းတို့မှာ အလားအလာရှိတဲ့ အနာဂတ် ရှိပါတယ်!”
“အော့!”
“...အု!”
သူတို့လေးတင် ကြုံတွေ့ခဲ့ရသော စိတ်ဒဏ်ရာကို ပြန်လည်အမှတ်ရသွားသဖြင့် အဖွဲ့ဝင်အချို့မှာ အနီးရှိ နံရံဆီသို့ အပြေးသွားကာ ဝမ်းဗိုက်ကို ဖိထားပြီး ပျို့အန်ရန် ပြင်ကြတော့သည်။
ဒါက ဇိုးယီ မျှော်လင့်ထားသည့် တုံ့ပြန်မှုမျိုးပင် ဖြစ်သည်။
သူတို့ ခုနက ဝင်ခဲ့သည့် ဂိတ် (Gate) မှာ နာမည်ဆိုးဖြင့် ကျော်ကြားသော Rank Anomalous Looping Gate ဖြစ်သည်။ ထိုသို့သော ဂိတ်မျိုးတွင် သေဆုံးခြင်းက သာမန်ကိစ္စဖြစ်ပြီး၊ ဝန်ထမ်းအသစ်တွေကို သူတို့၏ ပထမဆုံး ဂိတ်အတွေ့အကြုံအဖြစ် ထိုသို့သော ဂိတ်မျိုးသို့ ပို့လေ့ရှိသည်။
ဒါမှသာ သူတို့အနေဖြင့် သေခြင်းတရားကို ရင်းနှီးကျွမ်းဝင်သွားမည် ဖြစ်သည်။
အေးဂျင့်တစ်ဦးသည် အလွန်အမင်း အန္တရာယ်ရှိပြီး ကြောက်မက်ဖွယ်ကောင်းသော အခြေအနေမျိုးတွင်ပင် ရှင်းရှင်းလင်းလင်း တွေးတောနိုင်ပြီး အခြေအနေကို သုံးသပ်နိုင်မှသာ Rank မြင့်သော ဂိတ်များအတွက် အဆင်သင့်ဖြစ်ပြီဟု သတ်မှတ်နိုင်သည်။ ကံမကောင်းစွာဖြင့် ဤကျွမ်းကျင်မှုမှာ တတ်မြောက်ရန် မလွယ်ကူဘဲ၊ လူအနည်းငယ်သာလျှင် အမှန်တကယ် တတ်မြောက်ကြသည်။
ဇိုးယီနှင့် ခိုင်တို့ကတော့ ထင်ရှားသော နမူနာများ ဖြစ်ကြသည်။
...သို့သော် သူတို့ကိုယ်တိုင်ပင်လျှင် ပြီးပြည့်စုံနေသူများ မဟုတ်ကြပေ။
“အနားယူလိုက်ကြဦး။ ရင်ထဲက မကောင်းတာတွေ အကုန်အန်ထုတ်လိုက်။ ပြီးရင် အိမ်ပြန်ပြီး ကြိုက်တာလုပ်လို့ရပြီ။ မနက်ဖြန်နဲ့ သဘက်ခါ အလုပ်လာစရာ မလိုဘူး။ စိတ်အပန်းဖြေဖို့ တစ်ရက်နှစ်ရက်လောက် နားလိုက်ကြဦး။”
PTSD ဖြစ်နိုင်ခြေကို လျှော့ချရန်အတွက် အဖြစ်အပျက်များကို ပြန်လည်ဖြေဖျောက်နိုင်ရန် လူသစ်များကို နားရက်ပေးဖို့ လိုအပ်သည်။
လူသစ်တွေကို စစ်ဆေးပြီးနောက် ဇိုးယီသည် သူတို့အားလုံးကို အေးဂျင့်နားနေဆောင်ဘက်သို့ ခေါ်လာခဲ့သည်။ ထိုနေရာတွင် အခြားအဖွဲ့များလည်း ဖြည်းဖြည်းချင်း ဝင်လာနေကြပြီး သူတို့၏ အခြေအနေမှာလည်း အလားတူပင် ဖြစ်သည်။
ဒါက လူသစ်စုဆောင်းရေးရာသီမှာ မြင်နေကျ မြင်ကွင်းတစ်ခု ဖြစ်သည်။
‘ဩော်၊ ဟုတ်သားပဲ...’
သူမ အဆောင်ဘက်ကို ပြန်တော့မည့်အချိန်မှာ တစ်ခုခုကို သတိရသွားပြီး ဖုန်းထုတ်လိုက်သည်။
‘...အခြေအနေ ဘယ်လိုရှိလဲ မသိဘူး။ အဲ့ဒီကောင်တော့ ကြောက်လွန်းလို့ ဘောင်းဘီထဲ သေးတောင် ထွက်နေလောက်ပြီ။’
ထိုလူ ကြောက်လန့်တကြား ခုန်ပျံနေမည့် ပုံရိပ်ကို တွေးကြည့်ရင်း ဇိုးယီ ရုတ်တရက် တခိခိ ရယ်မောမိသည်။ ဂျေမီ (Jamie) ကတော့ လူတွေကို ခြောက်လှန့်တဲ့နေရာမှာ တကယ့်ကို အားကိုးရသူ ဖြစ်သည်။
“ဘာလုပ်နေတာလဲ? Live stream ကို သွားကြည့်မလို့လား?”
သူမ လုပ်ရပ်ကို အကဲခတ်မိသကဲ့သို့ ခိုင်က သက်ပြင်းချရင်း သူမဘေးသို့ လျှောက်လာကာ Stream ကို ကြည့်ရန် ခေါင်းငဲ့လိုက်သည်။
မိုင်ကယ်လည်း အနားသို့ တိုးလာသည်။
သူတို့အားလုံးသည် စောစောက Stream ၏ နောက်ဆက်တွဲကို သိချင်နေကြသည်။
သူမက ရယ်စရာတစ်ခုခုကို မြင်ရလိမ့်မည်ဟု မျှော်လင့်ထားသည်။
သို့သော်... သူမ၏ အပြုံးများ ပျောက်ကွယ်သွားသည်။
သူမ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ခိုင်လည်း ထို့အတူပင်။
မိုင်ကယ်ကတော့ အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်မိသည်။
ထို့နောက်—
“ဒါ ဘာကြီးလဲဟ?”
ဇိုးယီက ဆဲရေးလိုက်ရင်း Stream ကို ပိတ်ကာ ပြန်ဖွင့်လိုက်သည်။ သူမ Stream မှားနှိပ်မိတာ ဖြစ်ရမည်။ သေချာပေါက် ဖြစ်ရမည်။
ဒါက...
“ဒါ တကယ်ပဲ အဲ့ဒီ Stream ပဲ!”
သူမ မျက်လုံးပြူးသွားပြီး အဆုံးမရှိသော ကွန်မန့်များကို ကြည့်ရန် Stream ကို အပေါ်သို့ ဆွဲတင်လိုက်သည်။
—ဒါ အစစ်မဖြစ်နိုင်ဘူး။
—ဒါ အတုကြီး ဖြစ်ရမယ်! ငါတော့ ဒါကို မယုံနိုင်ဘူး!
—....ဖြစ်ပျက်သွားတာကို ဗီဒီယိုအတိုလေး ရိုက်ထားတဲ့သူ ရှိလား? Stream ကို ကြည့်ချင်ပေမဲ့ အချိန်မရှိလို့ပါ။
သို့သော် သူမကို အံ့အားသင့်စေသည်က ထိုအရာတစ်ခုတည်း မဟုတ်ပေ။
လက်ရှိ ကြည့်ရှုနေသူ အရေအတွက်ပင် ဖြစ်သည်။ ကြည့်ရှုသူ သုံးသောင်းကျော်! ထိုအရေအတွက်သည် Stream က ပြီးဆုံးသွားပြီ ဖြစ်သည့်တိုင် ရှိနေခြင်း ဖြစ်သည်။
“ဘယ်လိုတွေ ဖြစ်ကုန်တာလဲ?”
ဇိုးယီ တစ်ယောက်တည်း ဇဝေဇဝါ ဖြစ်နေသည်မဟုတ်။
ခိုင်သည်လည်း ဖုန်းကို စိုက်ကြည့်ရင်း ဇဝေဇဝါ ဖြစ်နေသည်။
“ဟဲ့၊ နင့်ခေါင်းကို နည်းနည်း နောက်ဆုတ်ဦး။”
သို့သော် ဇိုးယီက သူ့ကို တွန်းထုတ်လိုက်ပြီး ဖုန်းကို လှန်လှောရှာဖွေရင်း တစ်ခုခုကို နောက်ဆုံးတွင် တွေ့သွားသည်။
“ဒီမှာ၊ တွေ့ပြီ!”
၎င်းမှာ ဖြစ်ပျက်ခဲ့သမျှကို အနှစ်ချုပ်ထားသည့် Highlight ဗီဒီယိုအတိုလေး ဖြစ်သည်။
သူမ ၎င်းကို နှိပ်လိုက်သည်နှင့် ဗီဒီယို စတင်ကစားတော့သည်။
ဗီဒီယို စတင်ပြီး တစ်မိနစ်ခန့်အကြာတွင် ထိုနေရာရှိ လူတိုင်း၏ မျက်နှာများ ပြောင်းလဲသွားကြပြီး တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်ကြကာ ဗီဒီယိုဆီသို့သာ အကြည့်ပြန်ပို့လိုက်ကြသည်။
ဘယ်လို စိတ်ဝေဒနာရှင်မျိုးကများ...