အခန်း ၄၁: တိုက်ရိုက်ထုတ်လွှင့်မှု [၃]
ဂျောက်!
ဖြူဖွေးနေသော စတီးတံခါးတစ်ချပ်နောက်မှ လူအများအပြား တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြပြီး အဖြူရောင်အခန်းထဲသို့ ဝင်လာကြသည်။ စုစုပေါင်း လူဆယ်ယောက်ရှိပြီး ကိုင်လ်က အရှေ့ဆုံးမှ ဖြစ်သည်။ သူ ဝတ်ဆင်ထားသော နက်မှောင်သည့် ဝတ်စုံသည် အခန်း၏ စူးရှသော အဖြူရောင်နှင့် သိသိသာသာ ကွဲထွက်နေသည်။ သူသည် မည်သည့်နေရာတွင်မျှ ရပ်မနေဘဲ အနီးဆုံး စားပွဲဆီသို့ လျှောက်သွားလိုက်သည်။ ထိုနေရာတွင် အဖြူရောင် လက်အိတ်တစ်စုံက သူ့ကို စောင့်ကြိုနေ၏။
သူသည် လက်အိတ်ကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် စွပ်လိုက်သည်။
ထိုအချိန်မှာပင် သူ့နောက်ဘက်မှ ထွက်ပေါ်လာသော အသံကို ကြားလိုက်ရသည်။
"ကျွန်တော်တို့ အခုဝင်တော့မယ့် ဂိတ် (Gate) က ဘယ်အဆင့်လဲခင်ဗျာ"
"....ဟင်?"
ကိုင်လ် နောက်လှည့်ကြည့်လိုက်ရာ သူ့ဘက်သို့ ပြုံးပြနေသော ပါးချိုင့်လေးတစ်စုံကို မြင်လိုက်ရသည်။
သူသည် လက်အိတ်ကို အောက်ဘက်သို့ ဆွဲချလိုက်ရင်း—
"အကြီးအကျယ်တော့ မဟုတ်ပါဘူး။ အီး (E) အဆင့် ဂိတ်တစ်ခုထဲကို ဝင်မှာပါ။ မင်းအနေနဲ့ ဘယ်သူ့အကူအညီမှ မပါဘဲ သွားနိုင်ဖို့အတွက် ဂိတ်တွေက ဘယ်လို အလုပ်လုပ်သလဲဆိုတာကို အရင်ဆုံး အသားကျအောင် လုပ်ဖို့ လိုသေးတယ်"
"ဪ... ဟုတ်ကဲ့၊ နားလည်ပါပြီ"
မိုင်လ်စ်က နွေးထွေးစွာ ပြုံးပြရင်း ခေါင်းညိတ်သည်။
"...ကျွန်တော် စီနီယာ့စကားကို နားထောင်ပါ့မယ်"
ကိုင်လ်က မိုင်လ်စ်ကို ကြည့်ပြီး ပြန်ပြုံးပြလိုက်သည်။ သူသည် မိုင်လ်စ်ကို အတော်လေး သဘောကျမိသည်။ စကားနားထောင်သည့်အပြင် ပေးသမျှ အချက်အလက်များကိုလည်း ရေမြှုပ်တစ်ခုလို အငမ်းမရ စုပ်ယူနိုင်စွမ်းရှိသည်။
မိမိအဖွဲ့ထဲတွင် ယခုကဲ့သို့ သင်တန်းသားမျိုး ပါဝင်လာသည်ကို သူ ဝမ်းသာမိသည်။
"မင်းမှာ တစ်ခုခု—"
"ဖူး...!"
လူတိုင်းသာ ထိုမျှလောက် လိမ္မာပါက ကောင်းလေစွ။
ကိုင်လ်သည် ခေါင်းကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ရာ နံရံကို ပေါ့ပေါ့ပါးပါး မှီထားပြီး လက်တစ်ဖက်က ဖုန်းကို ကိုင်ကာ ရယ်သံကို အောင့်ထားသော ရွှေအိုရောင် ဆံပင်နှင့် မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။
"ခစ်!"
သူမ၏ မျက်လုံးထောင့်တွင် ရယ်လွန်း၍ မျက်ရည်များပင် ဝဲနေသည်ကို သူ မြင်နေရသည်။
'သူ ဘာဖြစ်နေတာလဲ'
ကိုင်လ် မျက်မှောင်ကြုတ်လျက် ဇိုးအီးဆီသို့ လျှောက်သွားလိုက်သည်။
"ဘာတွေ အဲ့လောက် ရယ်နေတာလဲ။ ငါတို့ ဂိတ်ထဲ ဝင်တော့မယ်ဆိုတာ မင်းသိတယ်မလား"
"အိုး... ကိုင်လ်"
ဇိုးအီးသည် ကိုင်လ်၏ စကားကို လုံးဝ လျစ်လျူရှုထားပြီး ခေါင်းကို မော့ကာ သူမ၏ ဖုန်းမျက်နှာပြင်ကို ကိုင်လ်ဘက်သို့ လှည့်ပြလိုက်သည်။
"ခစ်... ဒါကို ကြည့်စမ်းပါဦး... ဖူး!"
"ဘာတွေ— အာ"
ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်မိသည့် ခဏမှာပင် ကိုင်လ်၏ စကားများ ရပ်တန့်သွားသည်။ မှောင်မည်းနေသော အခန်းတစ်ခု၏ အလယ်တွင် အလွန်ရင်းနှီးနေသော လူတစ်ယောက်က... နေကာမျက်မှန်ကြီး တပ်ပြီး ရပ်နေသည်မဟုတ်ပါလား။
"ဒါ... ဒါက ဘာကြီးလဲ"
"ဟားဟား!"
ဇိုးအီးသည် သူမ၏ ဗိုက်ကို နှိပ်ကာ အားရပါးရ ရယ်တော့သည်။
"ဒါကြီးက ရယ်ရလွန်းတယ်! နေကာမျက်မှန်ကြီးနဲ့တဲ့လား...!? ဟားဟားဟား!"
ကိုင်လ်၏ ပါးစပ်များ တဆတ်ဆတ် တုန်သွားသည်။
သူ ရယ်ပင် မရယ်နိုင်တော့ပေ။ အဓိကကတော့... ဒါဟာ ဆက်သ် လုပ်လေ့လုပ်ထရှိတဲ့ အပြုအမူမျိုး ဖြစ်နေခြင်းကြောင့်ပင်။
'သူ တကယ်ပဲ သရဲကားတွေကို ကြောက်တာကိုး...'
ကိုင်လ် ခန့်မှန်းရသလောက်ဆိုလျှင် ဆက်သ်သည် သူ၏ မြင်ကွင်းကို ကွယ်ရန်အတွက် ထိုမျက်မှန်ကို တပ်ထားခြင်း ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ အဲ့လောက် ကြောက်စရာ မလိုတော့သောကြောင့် ဖြစ်သည်။
ကြည့်ရသည်မှာ အလွန်ရယ်စရာ ကောင်းနေပြီး လိုက်ဖ်လွှင့်နေသည့် ချတ်ဘောက်စ်ထဲတွင်လည်း ပလူပျံနေသည်ကို ကိုင်လ် မြင်နေရသည်။
"ဟားဟား၊ ကြည့်စမ်း! နင့်သူငယ်ချင်း လုပ်နေတဲ့ အပေါကြောင်ကြောင် ကိစ္စတွေကြောင့် ကြည့်ရှုသူတွေ တက်လာနေပြီ"
အမှန်ပင်၊ ကြည့်ရှုသူ အရေအတွက်ကို ကြည့်လိုက်ရာ ကိုင်လ်သည် ထိုကိန်းဂဏန်းများ တဖြည်းဖြည်း တက်လာသည်ကို မြင်လိုက်ရသည်။
လောလောဆယ်တွင် တိုက်ရိုက်ကြည့်ရှုသူ (Live Viewers) ၉၉၁ ယောက် ရှိနေသည်။
— နေကာမျက်မှန်ကြီးနဲ့ တကယ်ကြီးလား? ဟားဟားဟားဟား!
— သေပါပြီ၊ ဗိုက်တွေတောင် အောင့်လာပြီ!
— အစက အန်တာ၊ အခုတော့ ဒါကြီး။ ဒီလိုက်ဖ်က တကယ် ရယ်ရတယ်!
ကြည့်ရှုသူ အများစုမှာ ထိန်းမနိုင်သိမ်းမရ ရယ်မောနေကြပြီး ချတ်ဘောက်စ်မှာ အလွန်ပင် သက်ဝင်လှုပ်ရှားနေသည်။
"ဒါ ဘာဖြစ်နေတာလဲ"
ထိုအချိန်မှာပင် မိုင်လ်စ် ရောက်လာပြီး အခြေအနေကို ကြည့်လိုက်ရာ ဆက်သ်၏ ဗီဒီယိုကို မြင်ပြီးနောက် သူ၏ ပါးချိုင့်များ ခေတ္တ ပျောက်ကွယ်သွားသည်။
"ဒါ... ဒါက..."
"ဘာမှ မပြောနဲ့တော့"
ကိုင်လ်က မည်သို့ တုံ့ပြန်ရမှန်းမသိဘဲ သက်ပြင်းချလိုက်သည်။
'ဘာပဲဖြစ်ဖြစ်... သူ့ဂိမ်း မရောင်းရမှာတော့ စိတ်ပူစရာ မလိုတော့ဘူးထင်တယ်'
အချို့လူများသည် ဆက်သ်၏ ထူးဆန်းသော အပြုအမူများကို ကြည့်ရန်အတွက်ပင် ဂိမ်းကို ဝယ်ယူနေကြသည်ကို သူ တွေ့နေရသည်။
ကိုင်လ် စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် အဖြူရောင် အခန်းတံခါးမှာ ဝုန်းခနဲ ပွင့်သွားသည်။ ထိုအရှိန်ကြောင့် ဇိုးအီး လန့်သွားပြီး သူမ၏ ဖုန်းမှာ ကြမ်းပြင်ပေါ်သို့ အကြိမ်ကြိမ် လိမ့်ကျသွားတော့သည်။
သူမ ဖုန်းကို ကောက်ရန် ပြင်လိုက်စဉ်မှာပင် ရပ်တန့်သွားသည်။
အခန်းထဲရှိ ဆူညံသံအားလုံး ရုတ်ခြည်း ငြိမ်ကျသွား၏။
အနက်ရှိုင်းဆုံး ချောက်နက်ကြီးကို စိုက်ကြည့်နေသကဲ့သို့သော နက်မှောင်သည့် မျက်လုံးများ၊ ပုခုံးစွန်းအထိ ရှည်သော ဆံပင်နက်များနှင့် ပါးစပ်ထောင့်တွင် သွားကြားထိုးတံ တစ်ချောင်းကို ခဲထားသော ဒယ်လ်တာ (Delta) အဖွဲ့၏ အဖွဲ့ခေါင်းဆောင်သည် အခန်းထဲသို့ ဝင်လာသည်။
သူမ၏ အကြည့်မှာ လက်ထဲမှ စာရွက်စာတမ်းတွဲပေါ်တွင်သာ ရှိနေသည်။
ခဏအကြာတွင် သူမ၏ မျက်နှာ ပျက်သွားသည်။
"တောက်!"
သူမသည် စာရွက်များကို အနီးရှိ စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီးနောက် ထိုင်ခုံတစ်ခုတွင် ခြေထောက်ချိတ်၍ ဝင်ထိုင်လိုက်သည်။ သူမ၏ ပုခုံးပေါ်တွင် တင်ထားသော အဖြူရောင် ကုတ်အင်္ကျီမှာ အနောက်သို့ လျောကျသွားပြီး၊ မီးခိုးရောင် ဘောင်းဘီရှည်ထဲသို့ စနစ်တကျ ထည့်ဝတ်ထားသော အနက်ရောင် ရှပ်အင်္ကျီနှင့် သူမ၏ အချိုးအစားကျလှသော ခန္ဓာကိုယ်မှာ ပေါ်လွင်နေသည်။
သူမသည် သစ်သားစားပွဲကို လက်ချောင်းများဖြင့် တတောက်တောက် ခေါက်နေရင်း ကိုင်လ်နှင့် ဇိုးအီးကို ကြည့်လိုက်သည်။
"မင်းတို့နှစ်ယောက်"
ချက်ချင်းပင် ဇိုးအီး၏ မျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားပြီး မတ်မတ်ရပ်လိုက်သည်။
ကိုင်လ်လည်း ထိုနည်းတူပင် မတ်မတ်ရပ်လိုက်၏။
လှပသော အဖွဲ့ခေါင်းဆောင်က သူမ၏ လျှာဖြင့် နှုတ်ခမ်းအတွင်းသားကို လှိမ့်လိုက်သောကြောင့် အခန်းထဲရှိ လေထုမှာ တင်းမာသွားသည်။
ထို့နောက် အသက်ရှူပင် ကျပ်လာလောက်သည့် တိတ်ဆိတ်မှုအဆုံးတွင် သူမ စကားပြောလာသည်။
"မင်းတို့နှစ်ယောက် ဒီအသစ်တွေကို လေ့ကျင့်ပေးဖို့ တာဝန်ယူလိုက်။ အခုတလော ကင်းထောက် (Scouts) တွေ ရှားနေတယ်။ သေ— အဟမ်း၊ ငါပြောတာက... အခုတလော ငါတို့ သုံးလို့ရမယ့် လူဆိုးတွေ သိပ်မရှိဘူး။ အားလုံးက လိမ်လိမ်မာမာ ရှိနေကြတယ်"
ကိုင်လ်က ခါးသက်သက်သာ ပြုံးမိသည်။ သူမ ပြောသည့် လူဆိုးဆိုသည်မှာ သေဒဏ်ကျ အကျဉ်းသားများကို ဆိုလိုခြင်းဖြစ်သည်။
ကင်းထောက်များကို များသောအားဖြင့် သေဒဏ်ကျ အကျဉ်းသားများနှင့် ဖွဲ့စည်းလေ့ရှိသည်။ ၎င်းမှာ ဗျူရို (Bureau) မှ ဆုံးဖြတ်ထားသော ကိစ္စဖြစ်သည်။ သူတို့က ဘယ်လိုပဲဖြစ်ဖြစ် သေရမည့်သူများ ဖြစ်နေသောကြောင့် အကျိုးရှိရှိ အသုံးချရန် ဖြစ်သည်။
အကယ်၍ သူတို့က အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်နိုင်လျှင် သေဒဏ်မှ ကင်းလွတ်ခွင့် ရနိုင်ပေသည်။
...သို့သော် ပြဿနာမှာ ကင်းထောက်များ၏ သေဆုံးနှုန်းမှာ အလွန် မြင့်မားနေခြင်းပင်။
အတိုချုပ်ပြောရလျှင် အလွန်တရာ ဆိုးသွမ်းသော လူများ သိပ်မရှိတော့သဖြင့် ကင်းထောက် ရှားပါးမှုနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
"...အလုပ်ရှုပ်လိုက်တာ။ ငါကိုယ်တိုင်ပဲ ကင်းထောက်သွားရတော့မှာလား"
အဖွဲ့ခေါင်းဆောင်သည် တောက်တစ်ချက် ခေါက်လိုက်ပြီး စားပွဲကို ပို၍ ပြင်းထန်စွာ ခေါက်နေသည်။
နောက်ဆုံးတွင် သူမသည် တောက်တစ်ချက် ထပ်ခေါက်ကာ မတ်တပ်ရပ်ပြီး ကိုင်လ်နှင့် ဇိုးအီးဘက်သို့ ပြန်ကြည့်လိုက်သည်။
"ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူးထင်တယ်။ ငါသွားပြီး ဒီပြဿနာကို ဖြေရှင်းနေတုန်း မင်းတို့နှစ်ယောက် ဒီက အခြေအနေကို ကြည့်ထားလိုက်"
သူမသည် ခေါင်းနောက်ဘက်ကို နှိပ်နယ်ရင်း၊ ကုတ်အင်္ကျီကို ပုခုံးပေါ်တင်ကာ ထွက်သွားရန် ပြင်လိုက်စဉ် ကြမ်းပြင်ပေါ်ရှိ ဖုန်းကို အကြည့် ရောက်သွားသည်။
လိုက်ဖ်လွှင့်နေသည့် ဗီဒီယိုထဲမှ နေကာမျက်မှန် တပ်ထားသည့် လူကို မြင်လိုက်ရသည့် ခဏတွင် သူမ၏ မျက်ခုံးများ ပင့်တက်သွားသည်။
ထိုအချိန်တွင် သူမ၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
"...ဒါက ရယ်ရသားပဲ"
ထို့နောက် မည်သူ့စကားကိုမျှ စောင့်မနေတော့ဘဲ အခန်းထဲမှ တိုက်ရိုက် ထွက်ခွာသွားတော့သည်။
ဂျောက်!
သူမ ထွက်သွားပြီး တစ်မိနစ်ခန့် ကြာမှသာ ဆူညံသံများ ပြန်လည် ထွက်ပေါ်လာသည်။ ကိုင်လ်နှင့် ဇိုးအီးတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သင်တန်းသားသစ်များကလည်း သူတို့ဘက်သို့ ကြည့်နေကြသည်။
"သူ အကြောင်းပြချက် ပေးသွားတာပဲ မဟုတ်လား။ ငါတို့ဆီမှာ ကင်းထောက်တွေ မပြတ်လပ်ပါဘူး"
"...အင်း၊ ဟုတ်တယ်"
သူတို့နှစ်ယောက်စလုံး ညည်းညူလိုက်ကြသည်။
ဒီ အဖွဲ့ခေါင်းဆောင်ကတော့ လုပ်ပြီ!
***
တစ်ချိန်တည်းမှာပင်၊ ဗီလိုရာ အနုပညာပြတိုက်။
'ဟိုး... ကြည့်ရှုသူတွေ တကယ် တက်လာနေတာပဲ!'
ဂျေမီသည် သူ့မျက်လုံးကိုပင် သူ မယုံနိုင်အောင် ဖြစ်နေသည်။
● Live
ကြည့်ရှုသူ: ၁၀၀၁ ယောက်
ကြည့်ရှုသူ အရေအတွက်မှာ သူ၏ ပျမ်းမျှ အရေအတွက်ထက် နည်းနေသေးသော်လည်း၊ တက်လာနေခြင်းကပင် မယုံနိုင်စရာ ဖြစ်နေသည်! သူသည် ကျွန်းပေါ်ရှိ အပျက်အစီးဆုံးနှင့် အပျင်းစရာအကောင်းဆုံး အဆောက်အအုံတစ်ခုကို ရှာဖွေနေခြင်း ဖြစ်သည်။ ထိုနေရာကို ယခင်က လူပေါင်းများစွာ လာရောက်ရှာဖွေပြီးသား ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ကြည့်ရှုသူ နည်းသွားမည်ဟု သူ မျှော်လင့်ထားခဲ့သော်လည်း အခုတော့ တက်လာနေသည်!
ဒါတွေအားလုံးက သူ့ဘေးက လူထူးလူဆန်းကြောင့်ပင်။
သူ ဘာတွေပဲ လုပ်နေပါစေ၊ အလုပ်ဖြစ်နေသည်ကတော့ အမှန်ပင်။
'ဟားဟား၊ သူ့ကိုသာ အော်အောင် လုပ်နိုင်ရင် ကြည့်ရှုသူ ဘယ်လောက်တောင် တက်လာမလဲ'
ဂျေမီ၏ မျက်လုံးများမှာ ထိုအတွေးနှင့်အတူ တောက်ပလာသည်။ သူသည် ဆက်သ်ကို စကားပြောရန် ပါးစပ်ပြင်လိုက်စဉ်မှာပင် မျက်လုံးများ ပြူးသွားရသည်။
"ဟင်?"
ဘာကြောင့်လဲဆိုသော် ဆက်သ်က ရုတ်တရက် လှုပ်ရှားလာသောကြောင့် ဖြစ်သည်။
ဆက်သ်သည် အဝေးမှ တံခါးဆီသို့ အကြည့်ပို့ထားပြီး၊ သူ့ကို ကြောင်ကြည့်နေသော ဂျေမီကို ဂရုမစိုက်ဘဲ ရှေ့သို့ လျှောက်လှမ်းသွားသည်။
ထို့နောက်—
"ဟေ့၊ နေဦး! ဘယ်ကို သွားနေတာလဲ!?"
ဂျေမီသည် သူ့နောက်သို့ အမြန်လိုက်သွားလိုက်သည်။
ဒါဟာ မကြာခင်မှာ သူ အကြီးအကျယ် နောင်တရမိမယ့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာလိမ့်မည်ဆိုတာ သူ မသိသေးပေ။