
အခန်း (၁) အဖွင့်နိဒါန်း
"မှော်ဆရာ... မင်းလက်ထဲက ရှေးဟောင်းပစ္စည်းကို ငါတို့ဆီ အပ်စမ်း၊ ဒါဆိုရင်တော့ မင်းအသက်ကို ချမ်းသာပေးဖို့ စဉ်းစားပေးမယ်။"
"မင်းမှာ ပြေးစရာလမ်းမရှိတော့ဘူး။ ဒီပတ်ဝန်းကျင် တစ်ခုလုံးကို ငါတို့ အပိုင်ပိတ်ဆို့ထားပြီးပြီ။"
"ဟားဟားဟား! ဘယ်သူက ထင်ထားမှာလဲ..? အားလုံးက ကြောက်ရွံ့ရတဲ့ တန်ခိုးအာဏာကြီးမားလှပါတယ်ဆိုတဲ့ မှော်ဆရာကြီး စတော့ဟုမ်း တစ်ယောက် ဒီလို သနားစရာကောင်းတဲ့ အခြေအနေထိ ရောက်သွားလိမ့်မယ်လို့!"
"စကြဝဠာရဲ့ အတော်ဆုံး ပါရမီရှင်ကြီး ဟုတ်လား။ ဟက်... အလကား အရေးမပါတာတွေ! အခု မင်းကိုယ်မင်း ပြန်ကြည့်လိုက်ဦး"
မှော်ဆရာ စတော့ဟုမ်း ဝတ်ဆင်ထားသော အနက်ရောင် သံချပ်ကာအင်္ကျီမှာ အပိုင်းပိုင်းအစစ ပျက်စီးနေပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အနှံ့တွင် ကြောက်မက်ဖွယ်ရာ ဒဏ်ရာဗလပွနှင့် ပြည့်နှက်နေပြီး လက်တစ်ဖက်လည်း ပြတ်တောက်နေခဲ့သည်။ ဒဏ်ရာများမှ သွေးများသည် အဆက်မပြတ် စီးကျနေပြီး သူ၏ခြေရင်းတွင် သွေးအိုင်ကြီး ဖြစ်နေလေပြီ။ သူ၏ ပတ်ဝန်းကျင်တွင် ရာနှင့်ချီသည့် ရုပ်အလောင်းပေါင်းများစွာသည် ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေပြီး၊ တစ်ချိန်က စိမ်းလန်းစိုပြည်ခဲ့သော မြက်ခင်းပြင်ကြီးသည်လည်း အခုတော့ သွေးချင်းချင်းနီလျက် ရဲရဲတောက်နေလေတော့သည်။
သူသည် ကျန်ရှိနေသော ထောင်နှင့်ချီသည့် မှော်ဆရာများကို အေးစက်စွာ စိုက်ကြည့်နေမိသည်။ သူ့အတွက် ထွက်ပေါက်မရှိတော့သည်မှာ သေချာနေပြီ။ နိဂုံးချုပ်ရန် နီးကပ်နေပြီဖြစ်ကြောင်းကိုလည်း သူကိုယ်တိုင် သိထားသည်။ မှော်လောက၏ အဆင့်မြင့် အစွမ်းထက်ပုဂ္ဂိုလ်များက သူ့ကို ဝိုင်းရံထားကြသည်။ အချို့က လှောင်ပြောင်နေကြပြီး အချို့က ကျိန်ဆဲနေကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ သူ့အနီးသို့ တိုးမလာရဲကြပေ။ သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုအရိပ်အရောင်များက အထင်သား ပေါ်လွင်နေသည်။ စတော့ဟုမ်း၏ နောက်ဆုံးလက်ကျန် တိုက်ကွက်ကို ကြောက်ရွံ့နေကြသဖြင့် မည်သည့် မှော်ဆရာမျှ မလှုပ်ရှားရဲဘဲ ဖြစ်နေကြသည်။
ရုတ်တရက် စတော့ဟုမ်းက လက်ကို ဆန့်ထုတ်လိုက်ရာ ပတ်ဝန်းကျင်ရှိ မှော်ဆရာများအားလုံး အထူးသတိအနေအထားဖြင့် တုန်လှုပ်သွားကြသည်။ ထိုခဏ၌ပင် သူ၏လက်ဖဝါးပေါ်တွင် ဖြူစင်သန့်ရှင်းလှသော အဖြူရောင် ကြာပန်းတစ်ပွင့် ရုတ်ခြည်းပေါ်ထွက်လာရာ ဝိုင်းရံထားကြသည့် မှော်ဆရာများ၏ မျက်လုံးများမှာ လောဘရိပ်များဖြင့် တောက်ပလာတော့သည်။
စတော့ဟုမ်းသည် ထိုကြာဖြူပန်းကို စိုက်ကြည့်ရင်း “ဒီရှေးဟောင်းလက်နက်ရဲ့ ဝန်ထုပ်ဝန်ပိုးက ငါ့အတွက်တော့ ထမ်းပိုးရတာ အရမ်းလေးလံလွန်းနေပြီပဲ... ဒါဟာ ငါ့ရဲ့ ကံကြမ္မာ မဟုတ်ခဲ့တာလည်း ဖြစ်နိုင်တာပဲ...” ဟု တွေးတောကာ ခါးသီးစွာ ပြုံးလိုက်မိသည်။
နောက်တစ်ခဏတွင်မူ သူ၏မျက်လုံးများမှာ ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် တောက်ပလာပြီး ထောင်နှင့်ချီသော မှော်ဆရာများဘက်သို့ လှည့်ကြည့်လိုက်ကာ-
"ငါ့တစ်သက်လုံးမှာ မှော်ပညာရဲ့ အထွတ်အထိပ်ကိုရောက်ဖို့ပဲ ငါအမြဲတမ်းကြိုးစား အားထုတ်ခဲ့တာ။ ဒီနေ့ ဒီနေရာမှာ ငါ အသက်ပျောက်ရတော့မယ် ဆိုပေမဲ့လည်း ငါ့မှာ နောင်တမရှိဘူး။ တစ်နေ့နေ့မှာ ငါ့ရဲ့ ဆန္ဒတွေကို ဆက်ခံပြီး ငါ့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်မယ့်သူ တစ်ယောက် ပေါ်ထွက်လာမှာပဲ။"
စတော့ဟုမ်း၏ နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် ဖြည်းဖြည်းချင်း ကွေးညွှတ်သွားကာ ဆက်ပြောလိုက်သည်မှာ -
"ဒါပေမဲ့... မင်းတို့အားလုံးက ဒီအဝေးကြီးအထိ တကူးတက လာခဲ့ကြတာဆိုတော့ ငါနဲ့အတူ တစ်ပါတည်း လိုက်ခဲ့ကြတာပေါ့။"
သူ့ကို ဝိုင်းရံထားသည့် ထောင်နှင့်ချီသော မှော်ဆရာများ၏ ရင်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခုကို ပြင်းထန်စွာ ခံစားလိုက်ရသည်။ သို့သော် မည်သူမျှ မလှုပ်ရှားနိုင်ခင်မှာပင် တခြားကမ္ဘာမှ ရောက်ရှိလာသည့်အလား ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက သူတို့အပေါ်သို့ သက်ရောက်လာပြီး ထိတ်လန့်တုန်လှုပ်သွားစေသည်။
ထိုဖိအား၏ အရင်းအမြစ်မှာ အဖြူရောင် ကြာပန်းပင် ဖြစ်သည်။
အဖြူရောင် ကြာပန်း ပွင့်အာလာသည်နှင့်အမျှ မိုင်ထောင်ချီသော ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကြီးမှာ အေးခဲရပ်တန့်သွားသည်။ စတော့ဟုမ်းသည် တည်ငြိမ်သော မျက်နှာထားဖြင့် သူ၏ စွမ်းအင်အားလုံးကို ထိုရှေးဟောင်းပစ္စည်းထဲသို့ ထည့်သွင်းလိုက်သည်။ အဖြူရောင် ကြာပန်းကို ဗဟိုပြု၍ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ဝဲဂယက်ကြီးတစ်ခု စတင်ဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင် ဟင်းလင်းပြင်ကြီးမှာလည်း အက်ကွဲကြောင်းများစတင်ပေါ်ပေါက်လာသည်။ ကြာပန်း၏ မြင့်မြတ်သော စွမ်းပကားကြောင့် ဟင်းလင်းပြင်တစ်ခုလုံးကို ပြိုကွဲပျက်စီးစေခဲ့ပြီဖြစ်သည်။
ထောင်နှင့်ချီသော မှော်ဆရာများမှာ ထွက်ပြေးရန် ကြိုးစားကြသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ သူတို့၏ ဝိညာဉ်များမှာ ကြာဖြူပန်း၏ ဆွဲငင်ဝါးမြိုခြင်းကို ခံလိုက်ရသဖြင့် တစ်ယောက်ပြီးတစ်ယောက် မျက်လုံးများ ပြူးကျကာ အသက်မဲ့သွားကြသည်။
စတော့ဟုမ်းသည် သူ၏ အသိစိတ်များ တဖြည်းဖြည်း ဝေဝါးလာသည်အထိ သွားကို တင်းတင်းကြိတ်ထားမိသည်။ ခဏအတွင်းမှာပင် ပတ်ဝန်းကျင်ရှိ အစွမ်းထက် မှော်ဆရာများမှာ တစ်ဦးပြီးတစ်ဦး သေဆုံးကုန်ကြပြီး သူတို့၏ ခန္ဓာကိုယ်များမှာလည်း ဝိညာဉ်မဲ့ အလောင်းကောင်များ ဖြစ်သွားကြသည်။ နောက်ဆုံးတွင် စတော့ဟုမ်းသည်လည်း ဆက်လက် မတောင့်ခံနိုင်တော့ဘဲ သူ၏ ဝိညာဉ်မှာလည်း အဖြူရောင် ကြာပန်း၏ ဝါးမြိုခြင်းကို ခံလိုက်ရကာ ပျက်စီးသွားလေတော့သည်။
မှော်စကြဝဠာ၏ အကြီးကျယ်ဆုံး ပါရမီရှင်ကြီးသည် ဤသို့ဖြင့် ဇာတ်သိမ်းသွားခဲ့လေပြီ။
သေဆုံးသွားသော အခြားမှော်ဆရာများမှာလည်း သာမန်လူများမဟုတ်ဘဲ ဂြိုဟ်များကို အုပ်ချုပ်နိုင်သည့် အစွမ်းရှိသူများဖြစ်ကြပြီး ကျယ်ပြောလှသော စကြဝဠာအတွင်းရှိ ကုဋေကုဋာမကသော သက်ရှိများက ခန့်ညားကြောက်ရွံ့ရသူများ ဖြစ်ကြသည်။ သို့သော်လည်း ထိုအဖြူရောင် ကြာပန်း၏ ရှေ့မှောက်တွင်မူ သူတို့မှာ ပုရွက်ဆိတ်လေးများသဖွယ်သာ ဖြစ်နေခဲ့တော့သည်။
ထူးဆန်းသည်မှာ ထိုရှေးဟောင်းပစ္စည်း၏ တိုက်ခိုက်မှုကြောင့် မည်သူမျှ ခန္ဓာကိုယ်တွင် ရုပ်ပိုင်းဆိုင်ရာဒဏ်ရာရရှိခဲ့ခြင်း မရှိပဲ သူတို့၏ ဝိညာဉ်များကိုသာ တိုက်ရိုက်ဖျက်ဆီးပြီး ဝါးမြိုခြင်း ခံခဲ့ရခြင်း ဖြစ်သည်။
ဝိညာဉ်အားလုံးကို ဝါးမြိုပြီးနောက် အဖြူရောင် ကြာပန်းသည် ကောင်းကင်ယံတွင် ခန့်ညားထည်ဝါစွာ ဝဲပျံနေသည်။ မကြာမီမှာပင် ၎င်းသည် ဟင်းလင်းပြင်ရှိ အက်ကြောင်းတစ်ခုအတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။ ထိုဒဏ္ဍာရီလာ ရှေးဟောင်းပစ္စည်းသည် ထူးမြတ်သော ကံကြမ္မာရှင် အရှင်သခင်အသစ်၏ ဆက်ခံမှုကို စောင့်ကြိုရင်း အဆုံးမဲ့စကြဝဠာကြီးအတွင်း တိတ်ဆိတ်စွာ ခရီးနှင်နေလေတော့သည်။